Published 4 June 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားတႂင် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနေရာ နှင့် အရိုးဓာတ်ပြာတော်အိုးများ ပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်ရေယာဉ်ကြီးအား ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရပါတယ်။

ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ သာသနာရေး ထုံးတမ်းစဉ်လာများအတိုင်း ကျင်းပမည်ဖြစ်ရာ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှ ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ လောင်တိုက်ပြဿဒ်၌ တေဇောဓာတ်ပူဇော်ခြင်း၊ အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည်လေဆိပ်ဟောင်းမှ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ် ပင့်ဆောင်ပူဇော်ခြင်းနှင့် မြစ်အတွင်းရေမျှောပူဇော်ခြင်း အခမ်းအနားများကို‌ အဆင့်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ  ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင်  အရိုးဓာတ်ပြာတော် များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။

အဆိုပါပြင်ဆင်ဆောင်ရွက်နေမှုတွေကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊နှင့်အဖွဲ့က ယမန်နေ့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကာနိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် နာယက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်တို့ထံမှလည်း ဩဝါဒခံယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl

#ဗန်းမော်ဆရာတော်ဘုရားကြီး

#အရိုးပြာဓာတ်တော်အိုးပင့်ဆောင်မည့်ကရဝိတ်ဖောင်တော်ရေယာဉ်

#YangonMediaGroup