#Local_News
Published_ 27 May 2023

တရားမဝင်ကုန်သွယ်မှုကို ဆက်လက်ကျူးလွန်ပါက အကောက်ခွန် ဥပဒေအပြင် ဆက်စပ်ဥပဒေများဖြင့် ပါ ပြင်းပြင်းထန်ထန်အရေးယူသွားရန် မေလ ၂၆ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

 

တရားမဝင် ကုန်သွယ်မှုများတားဆီး အရေးယူမှုနှင့် ပတ်သက်၍ ယခင်ကကန့်သတ်ကုန်ပစ္စည်းများဆိုပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများဖြစ်ပါက ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပစ္စည်းသိမ်း၊ ယာဉ်သိမ်းခြင်းများကို အများဆုံး ဆောင်ရွက်နိုင်ခဲ့သည့်အတွက်ထပ်ကာ ကျူးလွန်နေသူများကို ယခုထက် ထိထိရောက်ရောက် ဟန့်တားအရေးယူသွားရန်လိုအပ်ကြောင်းလည်း ယင်းကဆိုသည်။

 

ရည်ရွယ်ချက်ရှိရှိ၊ လက်တစ်လုံးခြား တရားမဝင်ဆောင်ရွက်နေသည့်ကုန်ပစ္စည်များပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များအား ထပ်မံဖမ်းဆီးရမိပါကလည်း ကုမ္ပဏီပိတ်သိမ်းခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါ်ယူသတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများဖြင့် ဆက်လက်ထိန်းသိမ်းကြပ်မတ်သွားကြရန်နှင့် တားဆီးအရေးယူမှုများကြောင့် ရပ်တန့်မသွားသော ဆက်လက်ကျူးလွန်မှုများကို အကောက်ခွန် ဥပဒေအရသာမက ဆက်စပ်သည့် ဥပဒေများဖြင့်ပြင်းပြင်းထန်ထန်အရေးယူသွားကြရမည်ဟုလည်း နစက ဒု ဥက္ကဌက ဆိုသည်။

 

ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ခြင်းမှာ ကျူးလွန်သူများအတွက်ဒဏ်ကြေးသတ်မှတ်ရာ မရောက်ဘဲ ပြင်ပပေါက်ဈေးထက်လျော့နည်းသက်သာနေမည်ဆိုပါက ကျေကျေနပ်နပ် လာရောက်ရွေးယူနေကြမည်ဖြစ်သောကြောင့် နောင်ကြဉ်မှုမရှိဘဲ ထပ်ကာထပ်ကာ ကျူးလွန်ရန်အားပေးရာ ရောက်သည့်အတွက် တရားမဝင်ကုန်သွယ်နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုး မဟုတ်ဘဲဥပေဒနှင့်အညီ ထပ်မံမကျူးလွန်ရဲစေရန် တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာအောင် ဆင့်ကဲဆင့်ကဲ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်းနှင့် ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ရာတွင် စနစ်တကျ သတ်မှတ်ဆောင်ရွက်ရေးသည်အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

၎င်းအပြင် One Stop Service များ၊ လမ်းခရီးတွင် လုံခြုံရေးအရ တာဝန် ထမ်းဆောင်နေရသည့်စုပေါင်းအဖွဲများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင်ရိုင်းစိုင်းသည့်ပြောဆိုဆက်ဆံမှုအချို့ ရှိနေသည်ကို ကြားသိရသောကြောင့် ပြည်နယ်နှင့် တိုင်းများတွင်ရှိသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် စစ်ဆေးရေးစခန်းများနှင့်လုံခြုံရေးဂိတ်များတွင် စစ်ဆေးသည့်အခါ အတတ်နိုင်ဆုံး ပြေပြေလည်လည် ဆက်ဆံသွားရန်၊ စည်းကမ်းဖောက်ဖျက်ပါက အရေးယူဆောင်ရွက်သွားကြရန်လည်း ယင်းက ပြောကြားခဲ့သည်။

 

ယခုအခါ နယ်စပ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိနေသည့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးစခန်းများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်သည့်စစ်ဆေးမှုအားနည်းချက်များရှိနေသည်ကို ကြားသိနေရပြီး ယင်းအားနည်းချက်များမှာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်သောကြောင့် တရားမဝင် ဝင်ရောက်လာသည့် တရားမဝင်ကုန် ပစ္စည်းများကို ပြင်းပြင်းထန်ထန် တားဆီး စစ်ဆေးအရေးယူရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့များ၊ One Stop Service အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန် ထိခိုက်စေမည့် တရားမဝင်ကိစ္စများ ဆောင်ရွက်နေသည်ဟု သတင်းရရှိပါက ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူသွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #ပြင်းပြင်းထန်ထန်အရေးယူသွားရန်နစကဒုဥက္ကဌပြော
#YMG #Yangon_Media_Group