#Local_News
Published_ 27 May 2023


ရွှေဈေးနှုန်းများ မြင့်တက်နေချိန် ရန်ကုန်ပြင်ပရွှေဈေးကွက်အတွင်း ရွှေကုန်သည်များအကြား ကျပ်သိန်း ၇၅,၀၀၀ ကျော်တန်ဖိုးအထိ ရွှေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

 

ရွှေကုန်သည်လက်ကြီးသမားက ရွှေရောင်းမည်ဟုဆိုကာ ငွေအရင်ယူပြေးကာ လိမ်လည်သွားခြင်းဖြစ်ပြီး ကုန်သည်အချို့ထံမှ တစ်ယောက်ကို ရွှေနှစ်ပိသာမှ ရွှေသုံးပိသာ ခန့်တန်ဖိုးအထိ ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အရင်ကတည်းကအရောင်းအဝယ်လုပ်နေတဲ့ ရွှေကုန်သည်ပါ။ ရွှေဝယ်ပေးမယ်ဆိုပြီး ပိုက်ဆံတွေယူပြီးမှ ထွက်ပြေးသွားတာပါ။ သူမိသားစုကကျန်ခဲ့ပေမယ့်ပိုက်ဆံပမာဏများလို့ အကုန်ရှင်းမပေးနိုင်ဘူးဖြစ်နေတာ” ဟု ရန်ကုန်ရွှေဈေးကွက် အတွင်းမှလုပ်ငန်းရှင်တစ်ဦးကပြောသည်။

 

ယင်းဖြစ်စဉ်အပေါ်သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခြင်းမရှိသေးဘဲ ကုန်သည်အခြင်းခြင်းကြားနားလည်မှုနှင့်သာ ကြိတ်ပြီးဖြေရှင်းနေကြောင်း သိရသည်။

 

ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ သတ်မှတ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးကစားသူအချို့ကြောင့် မေလ ၂၆ ရက်တွင် တစ်ဒေါ်လာ ကျပ် ၂,၉၆၀ အထိမြင့်တက်မှုများရှိခဲ့သည်။

 

ယင်းကဲ့သို့ ဒေါ်လာဈေး မတည်ငြိမ်မှုများအပေါ် စိုးရိမ်စိတ်များကြောင့် ပြည်တွင်းရွှေဈေးကွက်၌ ယခုရက်ပိုင်းတွင် ရွှေဝယ်လိုအားများမြင့်တက်ခဲ့ပြီး မေလ ၂၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

 

#ymg/ppk #Local_News #ရန်ကုန်ရွှေဈေးကွက် #ရွှေလိမ်လည်မှုဖြစ်ပွား
#Yangon-Media-Group