Published 26. May 2023

၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်(ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ပူဇော်ထားလျက်ရှိရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

ဦးစွာ ဗိုလ်ချူပ်မှူုးကြီးနှင့်အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ အားဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယင်းနောက် နစကဥက္ကဋ္ဌ သည်ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြမည့်ရန်ကုန်မြို့မှ ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုခဲ့ပါတယ်။အဲဒီနောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကိုတင်ပြလျှောက်ထားပြီး ဆရာတော်ကြီး၏ ဩဝါဒ ခံယူခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့က ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆက်လက်လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါတယ်။

-ymg/knl

#ဗန်းမော်ဆရာတော်ဘုရားကြီး

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup