Published 8 May 2023

မြန်မာနိုင်ငံမှာ ဆိုက်ဘာလိမ်လည်မှုအစိတ်အပိုင်းတစ်ခုအဖြစ် လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၂၀ ဦးကို ပြည်တွင်းကွန်ယက်တွေရဲ့ အကူအညီနှင့် အင်ဒိုနီးရှားက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အေပီသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အဲဒီအင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးကို မြဝတီမြို့ကနေ ထိုင်းနယ်စပ်ရောက်အောင် စနေနေ့က ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့  အင်ဒိုနီးရှားသံရုံးကပြောပါတယ်။

ဘန်ကောက်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားတွေကို နေရပ်ပြန်ပို့ပေးဖို့ ထိုင်းအာဏာပိုင်တွေနှင့် အနီးကပ်လုပ်ဆောင်နေပြီလို့လည်း သံရုံးကဆိုပါတယ်။

အလုပ်ခန့်ထားရေးကုမ္ပဏီအတုတွေက သူတို့ကို ထိုင်းမှာ လစာကောင်းကောင်းအလုပ်ရမယ်ဆိုပြီး ညာခေါ်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ကို မြဝတီမြို့ကို ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကို မြဝတီမြို့မှာ  ခရစ်ပတိုဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းတွေအသုံးပြုပြီး ဆိုက်ဘာကနေလိမ်ညာတဲ့အလုပ်တွေလုပ်ဖို့ ပို့ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဂျူဒါနူဂရာဟာကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီသူတွေထဲက တစ်ဦးက သူတို့ဒုက္ခရောက်နေတဲ့ ဗီဒီယိုတစ်ခုကို ပြီးခဲ့တဲ့လက တင်ပြီးတဲ့နောက် အဲဒီဗွီဒီယိုကို လူတော် တော်များများသိသွားခဲ့ပါတယ်။ သူတို့က အင်ဒိုအစိုးရကို သူတို့ကိုကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

မြဝတီမရောက်ခင်အထိ လွန်ခဲ့တဲ့ ၈ လအတွင်း သူတို့ဟာ ကုမ္ပဏီတစ်ခုကနေ နောက်တစ်ခုကို တစ်မျိုးပြီးတစ်မျိုး  လွှဲပြောင်းပေးခံခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။ ညှင်းပန်းနှိပ်စက်မှုတွေအမျိုးမျိုးခံခဲ့ရတယ်လို့လည်း  သူတို့က ပြောကြောင်း သတင်းအရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းမှာ သူတို့ဝင်လာတဲ့ အထောက်အထားမတွေ့ရှိရတဲ့အတွက် သူတို့ဟာ မြန်မာနိုင်ငံထဲ လူကုန်ကူးခံရတာဖြစ်ဖို့များတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေကပြောပါတယ်။

သူတို့ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာ ထုတ်မပြောပေမယ့် သူတို့ကိုခန့်တဲ့ ကုမ္ပဏီနှင့် အပေးအယူညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောတယ်လို့ အေပီသတင်းအရသိရပါတယ်။

 

#ymg/knl

#YangonMediaGroup

#လူကုန်ကူးမှု

#အင်ဒိုနီးရှားနိုင်ငံသား၂၀ဦးကိုမြဝတီမှကယ်ထုတ်