Published: 6 July 2021

ရုရှားအနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းအဆုံးသတ်စေရန် အရှေ့တောင်အာရှသံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ခိုင်ခိုင်မာမာထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်ခေါင်းဆောင် များကိုလည်း အလားတူသတင်းစကား ပြောဆိုထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။ အာဆီယံအသင်းက သဘောတူ ထားတဲ့ အချက်၅ချက်ပါသဘောတူညီချက်ဟာ အခြေအနေတွေကို ဖြေရှင်းရာမှာအခြေခံသင့်တဲ့အချက်တွေဖြစ်တယ်လို့ ဂျာကာတာကိုအလည်အပတ်ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်ကပြောကြားလိုက်တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ မြန်မာခေါင်းဆောင်တွေ၊ တပ်ခေါင်းဆောင်တွေနှင့် ထိတွေ့ဆက်သွယ်တဲ့အခါ အာဆီယံရဲ့အနေအထားကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံကို အကြပ်အတည်းကို ဖြေရှင်းဖို့နှင့် အခြေအနေတွေပုံမှန်ပြန် လည်ရောက်ရှိဖို့ ကျွန်တော်တို့အမြင်မှာ အဲဒါဟာ အခြေခံဖြစ်သင့်ပါတယ်”  လို့ သူကပြောပါတယ်။ လာဗရော့ဗ်ဟာ ဂျာကာတာမှာရှိနေစဉ်အတွင်း သူ့ရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နှင့် အွန်လိုင်း ချိတ်ဆက်စကားပြောဆိုဖို့ရှိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောပါတယ်။

ရုရှားနှင့်မြန်မာတပ်မတော်တို့အကြား ထိတွေဆက်ဆံမှု နက်ရှိုင်းလာနေတဲ့အချိန်မှာ ရုရှာနိုင်ငံခြားရေး ဝန်ကြီးရဲ့ ယခုလိုသုံးသပ်ချက်ဟာ အရေးပါလှတယ်လို့ သတင်းမှာသုံးသပ်ထားပါတယ်။ အာဆီယံက အဖွဲ့တွေအားလုံးကြား တွေ့ဆုံဆွေးနွေးမှုတွေပြလုပ်ဖို့၊ အထူးသံတမန်ခန့်ဖို့၊ လူသားချင်း ကူညီမှုအကူအညီတွေပေးဖို့နှင့် အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ပြောဆိုထားပါတယ်။ဒါပေမယ့် အာဆီယံ ထဲက ဟောဟောဒိုင်းဒိုင်းပြောတတ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့ကတော့ စစ်တပ်ရဲ့ ဆောင်ရွက်မှုအားနည်းတဲ့အပေါ်  စိတ်ပျက်နေကြတယ်လို့ သတင်းကရေးပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့လက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုကြိုဆိုခဲ့ပြီး အဲဒီတပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ မော်စကိုမှာ လည်ပတ်ခွင့်ရခဲ့ပါတယ်။ ခရီးစဉ်အတွင်းသူဟာ မိန့်ခွန်းတွေအများကြီးပြောခဲ့ရတယ်၊ မီဒီယာအင်တာဗျူးတွေလုပ်ခဲ့တယ်။ ပြီးတော့ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကိုလည်း ချီးမြှင့်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Ref: Reuters