#Local_News
Published_ 4 April 2023

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွား မည့် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အားကစားနည်း(၃၆)နည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၁၉) နည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

ပါဝင်ယှဉ်ပြိုင်မည့် အားကစား နည်းများမှာ ဗိုဗီနမ်(အားနစ်၊ Kun Bokator အပါအဝင်)၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ ဘိလိယက်/စနူကာ၊ ဝူရှူး၊ ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊ Kun Khmer (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကြက်တောင်၊ E-Sports, ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း(၁၉)နည်းအနက် ဖနွမ်းပင် မြို့၌ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကတ်၊ E-Sports ၊ ဘောလုံး၊ ဂျူဒို၊ ဗိုဗီနမ် (အားနစ်နှင့် Kun Bokator အပါအဝင်)၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ Kun Khmer (ရိုးရာလက်ဝှေ့) စသည့် အားကစားနည်း (၁၇) နည်း ကျင်းပသွားမည်ဖြစ်ပြီး ကမ်ပိုမြို့တွင် ရိုးရာလှေနှင့် ဆီရမ်ရိမြို့တွင် ပြေးခုန်ပစ်အားကစားနည်းမှ (မာရသွန်နှင့် ၂၀ ကီလိုမီတာ လမ်းလျှောက်) တို့ကို ကျင်းပသွားမှာပါ။

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တွင် ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို။ ဘော်လီဘော၊ ဗီုဗီနမ် (အားနစ် နှင့် Kun Bokator အပါအဝင်) အလေးမ၊ ဝူရှူး အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၇၃)ဦး၊ အားကစားသမား(ကျား) (၁၇၇)ဦး၊ (မ) (၁၂၆)ဦး၊ ပေါင်း (၃၀၃) ဦး၊ ပူးတွဲလေ့ကျင့်သည့် အားကစားသမား (၁၇)ဦး အပါအဝင် စုစုပေါင်း (၃၉၃) ဦး ဖြင့် ကြိုတင်ပြင်ဆင် စခန်းသွင်း လေ့ကျင့်လျက်ရှိကြပါတယ်။

 

ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်အသီးသီးတွင်လည်း ၂၀၂၂ ခုနှစ် မတ်လနှင့် ဇူလိုင်လများမှ စတင်၍ ဘိလိယက်၊ ဘောလုံး (အမျိုးသမီး)၊ ရိုးရာလက်ဝှေ့ (Kun Khmer) ၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ်ကတ်၊ အားကစားနည်းများကိုလည်း အုပ်ချုပ်/နည်းပြ(၂၃)ဦး၊ ကစားသမား(ကျား) (၄၆)ဦး၊ (မ) (၆၉)ဦး၊ ပေါင်း (၁၃၈)ဦး၊ ပူးတွဲလေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ(၂)ဦး၊ ကစားသမား (၁)ဦး အပါအဝင်စုစုပေါင်း (၁၄၁)ဦးဖြင့်ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်း(၃၆)နည်းအတွက် ရွှေတံဆိပ် (၅၈၀)ကျော် ပေးအပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉)နည်းအတွက် ရွှေတံဆိပ် (၃၃၀)ခန့် ပေးအပ်မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉) နည်းမှ ရွှေတံဆိပ် (၁၇) ခု၊ ငွေတံဆိပ် (၂၉)ခု၊ ကြေးတံဆိပ် (၃၆)ခု၊ စုစုပေါင်း ဆုတံဆိပ် (၈၂)ခု မျှော်မှန်းထားရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲ #အားကစားနည်း(၃၆)နည်း #မြန်မာနိုင်ငံက(၁၉)နည်းဝင်ရောက်ယှဉ်ပြိုင်မည် #YMG #Yangon_Media_Group