#LocalNews
Published_ 27 March 2023

 

နေပြည်တော်တွင်တပ်မတော်နေ့ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများကို ၁ဝ၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်နေသူများအား ဖမ်းဆီမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ယင်းဖမ်းမိသူများမှာ ယနေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းပြည်သူများ စုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများနှင့် စစ်ရေးပြ အခမ်းအနားကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု)နေရာတို့ကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိသူများဖြစ်ကြောင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းတို့ကို မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးက ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် စိန်လွင်(ခ) မောင်စိန်(ခ)ခရေ အား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှောတိုက်ဒုံး ၁ လုံး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း၏ ထွက်ဆိုချက်အရ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား နှင့် ၎င်း၏ ယောက်ဖဖြစ်သူ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း ဟန်ဇော်မင်းနှင့် ဇနီးခင်မျိုးသက်တို့ အား ဖမ်းမိကာ ယင်းတို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်သိမ်းဆည်းထားသော ၁၀၇ မမရှော့တိုက်ဒုံး ၁ လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဖမ်းခံရသူများ ထွက်ဆိုချက်အရ ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာ ၊အဝေရာဆည် အနီး ခြုံပုတ်အတွင်းမှ ၁၀၇ မမရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခုနှင့် Remote ၁ ခုတို့ကိုလည်းကောင်း၊ ဇီးဖြူပင်ရွာနေ သန်းထွန်း(ခ)ချင်းတွင်း ၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၄ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မတ်လ ၂၅ ရက် ညနေပိုင်းတွင် မရမ်းတောင်(အထက်)ကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စတိုအပစ် လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ ၁ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၂ ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ Remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း တရားခံပြေး ဟန်ဇော်မင်း၏ ချိတ်ဆက်ပေးမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့ ဝန်းကျင်တွင် လှုပ်ရှားလျက်ရှိသော ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ(ခ)ဟန်မင်းထွန်း ခေါင်းဆောင်သည့် နေပြည်တော် PDF အမည်ခံအကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ဗိုလ်တေဇ (ခ)ဟန်မင်းထွန်း၊ စိန်လွင်(ခ)မောင်စိန်(ခ)ခရေနှင့် ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားတို့ ၃ ဦးသည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများကို သယ်ဆောင်၍ ဖယ်ခုံမြို့ဝန်းကျင်မှ ပျဉ်းမနားမြို့နယ်၊ မရမ်းတောင်(အထက်)ကျေးရွာသို့ လာရောက်ခဲ့ပြီး မရမ်းတောင်(အထက်)ကျေးရွာ အနီး တောအတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံး တပ်ဆင်ပုံနှင့် ပစ်ခတ်နည်းအဆင့်ဆင့်အား လေ့ကျင့်သင်ကြား ခဲ့ကြောင်း၊ ၎င်းနောက် ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို နေရာ ၄ နေရာခွဲ၍ သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ymg/mt
#Yangon_Media_Group