#LocalNews
Published_ 23 March 2023

မြန်မာနိုင်ငံတွင် သဘာဝရေအရင်းအမြစ်ကြွယ်ဝသည် ဆိုသော်လည်း အချို့နေရာဒေသများတွင် သောက်သုံးရေအခက်အခဲ မလုံလောက်သည့် ပြဿနာများရှိနေကြောင်း၊ အထူးသဖြင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသတချို့တွင် နွေရာသီကာလ၌ သောက်သုံးရေအခက်အခဲများရှိနေသည်အပြင်အဆိုပါ ကျေးလက်ဒေသများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း ရေအခက်အခဲကြောင့် လူမှုစီးပွားဘဝအဆင်မပြေမှုများရှိနေကြောင်း နစက ဥက္ကဌက ပြောသည်။

မတ်လ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားအတွင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ အတွက် အထူးပြုအကြောင်းအရာ “Theme” မှာ ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရေးကို ရည်မှန်းချက်ထားသည့် “အရှိန်အဟုန်မြှင့်ရှေ့သို့ ကြိုးပမ်းပြောင်းလဲ ဆောင်ရွက်ခြင်း ” “ Accelerating Change ” ဖြစ်ကြောင်း၊ရေညစ်ညမ်းမှုသည် သဘာဝကြောင့် ဖြစ်နိုင်သကဲ့သို့ လူများ၏ ပယောဂ များကြောင့်လည်း ဖြစ်နိုင်ခြင်းကြောင့် သန့်ရှင်းသည့်ရေအရင်း အမြစ်ဖြစ်အောင် ထိန်းသိမ်းကြဖို့နှင့် ညစ်ညမ်းသည့် ရေမဖြစ်အောင် သတိပြုကြရန် အရေးကြီးကြောင်း ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များစသည့် ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရမည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင် ရေချိုမလုံလောက်သဖြင့် ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲရတာမျိုး၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲနေရခြင်း မျိုးများရှိနေသည်ကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖုံးလွှမ်းလျက်ရှိသော်လည်း အဆိုပါရေပမာဏ၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာများ ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချို၊ ပြန်လည် ပြည့်ဖြိုးမြဲရေဖြစ်ပြီး ထိုအထဲတွင် ဝင်ရိုးစွန်းများတွင်ရှိသည့် ရေခဲတောင်၊ ရေခဲပြင်များသည် ၆၈ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ရာခိုင်နှုန်းခန့် ရှိနေသည်ကို လေ့လာ သိရှိရပါကြောင်း၊ ထို့ကြောင့် မြေပြင်ပေါ်တွင်ရှိသည့် ရေအားလုံး၏ သုညဒသမ ၅ ရာခိုင်နှုန်းလောက်သာ ရေချိုဖြစ်ကြောင်း နိုင်ငံတကာ အချက်အလက်များအရ သိရသည်။

ymg/mt
#Yangon_Media_Group