Published 20 March 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းကိုဆောင်ရွက်နိုင်တဲ့အတွက်  လုပ်ငန်းရှင်များ တစ်ဦးချင်းအနေဖြင့်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၀ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်တွေကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံပြီး ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ သတင်း   ထုတ်ပြန်ချက်အရသိရပါတယ်။

“ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဆောင်ရွက်နိုင်သည့် နေရာအများအပြား ရှိပါတယ်။နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါတယ်။ရေအားလျှပ်စစ်စီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် အကောင်  အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးသည့်အတွက် အဆိုပါ ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ နိုင်ရန်လိုပါ တယ်”လို့ လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။ ကလေးဝ၊ ကျောက်မီးသွေး ထုတ်လုပ်ခြင်းမှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများကိုလည်းဆောင်ရွက်၍ရတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့အတွက် အဆိုပါ ဝါးများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်တဲ့အတွက် စက္ကူစက်ရုံများတည်ဆောက်လိုပါကလည်း နိုင်ငံတော်အနေဖြင့် ခွင်ပြုပေးမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

အဲဒီအပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသတွင်ရာဘာထွက်ရှိပြီး ရာဘာကိုအခြေခံသည့် မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီးတာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်တဲ့အတွက်  ရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို တိုက်တွန်းပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေတဲ့အတွက် မိမိတို့သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်တိုက်တွန်းလိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

အခမ်းအနားသို့ တက်ရောက်လာကြတဲ့  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ရှင်တွေက  စက်သုံးဆီလိုအပ်ချက်များအပေါ်ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်စေလိုမှု၊ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့် ရွှေဘိုပေါ်ဆန်းကို ရေရှည်တည်တံ့ ခိုင်မြဲစေရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးစေလိုမှု၊ လေကြောင်းခရီးစဉ်များကို ယခုထက် ပိုမိုပြေးဆွဲဆောင်ရွက်ပေးစေလိုမှု၊စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ခေတ်မီစက်ကိရိယာများ တင်သွင်းရာတွင် ပိုမိုလျှင်မြန်မှု ရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုပိုမို လျှင်မြန်ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုမှု၊ စစ်ကိုင်းမြို့ရေလုံလောက်စွာရရှိရေးအတွက် ဆိုလာစနစ်သုံး ရေပေးဝေရေးစနစ် ဖော်ဆောင်ပေးစေလိုမှု၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး အသုံးပြုလျက်ရှိသည့် စစ်ကိုင်းတောင်ရိုးလမ်းနှင့် ကမ်းနားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ မြို့တွင်း၌ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ မြို့ရှောင်လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ရိုးရာငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး-စစ်ကိုင်း-အင်းတော်-ကသာ မီးရထားလမ်း ပြေးဆွဲဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား လိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီးသက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နစက ဥက္ကဋ္ဌဟာ ခင်းကျင်းပြသထားတဲ့  သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

-ymg/knl

#နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#စစ်ကိုင်းSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

#YangonMediaGroup