#LocalNews
Published_ 20 March 2023

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်နီ ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၁.၃၈၈) သန်း ရရှိထားကြောင်းကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်။

ကြက်သွန်နီ မက်ထရစ်တန်ချိန် (၉၄,၀၀၀) တန် တင်ပို့ရောင်းချခြင်းမှတဆင့်ကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားခြင်းဖြစ်ပြီး တန်ချိန်အများစုက နယ်စပ်ကုန်သွယ်ရေးကတဆင့် တင်ပို့ရောင်းချခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

‘‘ပင်လယ်ရေကြောင်းကနေ မက်ထရစ်တန် (၂,၃၀၀) လောက်ပဲ တင်ပို့ထားပါတယ်။ ကျန်ပမာဏဖြစ်တဲ့ တန်ချိန် (၉၁,၇၀၀) ကိုတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့နိုင်ခဲ့ပါတယ်’’လို့ ဆိုပါတယ်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ စင်ကာပူ၊ ဗီယက်နမ် နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဝယ်ယူမှုအတွက် ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ရောင်းချခဲ့ကြောင်းသိရသည်။

ဘုရင့်နောင်ပွဲရုံတန်း(ရန်ကုန်)ဈေးကွက်အတွင်း လက်ငင်းဈေး ဆိပ်ဖြူ(ပင်လေး) ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ မြင်းခြံရှယ် (သစ်) တစ်ပိဿာ ကျပ် (၁၀၀၀)၊ မြစ်သား(သစ်)ရှယ် တစ်ပိဿာ (၁၇၀၀) ကျပ်၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ တောင်တွင်း(သစ်)ရှယ် တစ်ပိဿာ (၉၅၀) ကျပ် ဈေးရှိနေပါတယ်။

ymg/ppk
#Yangon-Media-Group