Published 17 March 2023

လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးကို ယနေ့ မတ်လ ၁၇ ရက်တွင် စတင်ပြသသည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသထားကြောင်း သိရှိရပါတယ်။

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့စတင်ကျင်းပတဲ့ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်ဟာ မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးနောက်  တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကျောက်မျက်ရတနာတွေကို ရောင်းချသွားရာ၌ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသောမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များကအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်းပေးချေကြရမယ်လို့ သိရှိရပါတယ်။

နိုင်ငံခြားငွေ(သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက်  ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်းပေးချေရမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Ymg/knl

#(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

#YangonMediaGroup