#Local_News
Published_ 1 March 2023

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တွေ့ဆုံစဉ် ပြောသည်။

 

ယင်းအပြင် ကျောက်ဖြူစက်မှုဇုန်နှင့် ပတ်သက်၍လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက် ဘက်ပေါင်းစုံက တွက်ချက်စဉ်းစား ဆောင်ရွက်သည့်အတိုင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို လည်း အဘက်ဘက်မှ စဉ်းစားကာ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

 

ကျောက်ဖြူဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း များကို အောင်မြင်အောင်ဆောင် ရွက်ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ပေးလျက်ရှိကြောင်းလည်း နစက ဥက္ကဌက ပြောခဲ့ကြောင်း သိရသည်။

 

ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှုကိုတင်ပြကြသည့်အပြင် ကျောက်ဖြူမြို့ရှိ သာသနာ့ဗိမာန်အဆောက်အဦမှာ နှစ်ပေါင်းကြာရှည်ပြီဖြစ်ပြီး ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိနေကြောင်းလည်း တင်ပြခဲ့ကြောင်း သိရသည်။

 

#ymg/mt #Local_News #ပြည်ပကုန်သွယ်မှု #ကျောက်ဖြူ #ရေနက်ဆိပ်ကမ်း #YMG #Yangon_Media_Group