Published 26 Feb 2023

လာမည့်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲမဲလက်မှတ်အသုံးပြုရန်မလိုဘဲ အီလက်ထရွန်းနစ်မဲပေးစက် (EVM: Electronic Voting Machine) ဖြင့်မဲပေးနိုင်တော့မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၂၆ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးလို့ ယူဆရတဲ့ ကိုရွှေမိုး(UEC)ဟူသည့် ကလောင်ဝှက်နှင့် ရေးသားတဲ့ ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်းနစ်မဲပေးစက်( MEVM)ခေါင်းစဉ်တပ်ဆောင်းပါးတစ်ပုဒ်မှာ အဆိုပါကိစ္စအတည်ပြုရေးသားထားခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အဆိုပါ ဆောင်းပါးအရ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရွန်းနစ်မဲပေးစနစ်ဖြင့်မဲပေးရန် သေချာသည့် သဘောသက်ဝင်နေပါတယ်။

အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလား ကဲ့သို့သော နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံတို့တွင် မဲပေးစက် (EVMs) များ အပါအဝင် E-voting စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြပြီး  အဆိုပါ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြု လျက်ရှိသော အီလက်ထရွန်နစ် မဲပေးစက်များကိုလေ့လာ၍ မြန်မာ နိုင်ငံရှိ မဲဆန္ဒရှင် ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေအနေတို့နှင့် အကိုက်ညီဆုံး ဖြစ်သော ဒီဇိုင်းကို တီထွင် ထားခြင်းဖြစ်တယ်လို့လည်း ကိုရွှေမိုး(UEC) ကရေးသားပါတယ်။

မဲပေးခြင်းမစတင်မီ၌ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စမ်းသပ်မဲပေး၍ စက်ကိုစမ်းသပ်နိုင်ပြီး စက်တွင် သိမ်းဆည်းထားသော ရလဒ်များနှင့် မဲပုံးအတွင်း စမ်းသပ်မဲပေးထားသော မဲစက္ကူဖြတ်ပိုင်းများ ကိုက်ညီမှု ရှိ မရှိလည်း စစ်ဆေးနိုင်မည်ဖြစ်တယ်လို့လည်း အဆိုပါဆောင်းပါးမှာရေးသားထားပါတယ်။

ထိုသို့စမ်းသပ်စစ်ဆေးပြီးမှသာ မဲရုံဖွင့်၍ မဲပေးခြင်းစတင်မည်ဖြစ်မယ်လို့လည်းဆိုပါတယ်။

ထို့ပြင် ဘက်ထရီစနစ် အသုံးပြုထား၍ ပြင်ပလျှပ်စစ်ဓာတ်အား လိုအပ်ခြင်းမရှိသဖြင့် ကျေးရွာများ၌ပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မဲရလဒ်များ သိမ်းဆည်း သည့် ထိန်းချုပ်စက်သည် လုံခြုံရေးကြိုးဖြင့် ပိတ်ထားမည့်အပြင် မဲရုံအတွင်းရှိ အများမြင်သာသောနေရာ၌ မဲရုံမှူး/မဲရုံအဖွဲ့ဝင်က ကိုင်တွယ်အသုံးပြုမည် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မဲပေးစက်တွင် ရွေးကောက်ပွဲဝင် ပါတီ/တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ် မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီက ရွေးချယ်မဲပေးလိုက်သည့် အရေအတွက်ကိုသာ မှတ်သားထားမည် ဖြစ်ပြီး မည်သူမည်ဝါက မဲပေးသည်ဆိုသည့်အချက်ကို ထည့်သွင်းထားခြင်းမရှိ၍ မဲဆန္ဒရှင်ပြည်သူတို့၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မည်သို့မျှ ထိခိုက်စေမည် မဟုတ်လို့လည်း ကိုရွှေမိုး(UEC)က ရေးသားပါတယ်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်းများပေါ် မူတည်၍ တီထွင်ထားခြင်း ဖြစ်သည်နှင့်အညီ အသုံးပြုရာတွင် လွယ်ကူရိုးရှင်းသော မဲပေးစက်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးစက်နှင့်ပတ်သက်၍ အများပြည်သူထံသို့ ပညာပေးရေး ဆောင်ရွက်ရာတွင် မီဒီယာများမှတစ်ဆင့် ဆောင်ရွက်ခြင်းအပြင် မဲပေးစက်အား ပြည်သူများအနေဖြင့် လက်တွေ့စမ်းသပ်အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း‌ဆောင်းပါးရှင်ကပြောပါတယ်။

အဲဒီအပြင်  မဲပေးစက်အသုံး ပြု၍ မဲပေးနိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး မဲပေးစက်ဖြင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ စမ်းသပ်မဲပေးခြင်းများ အစရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာလွှတ်တော် ဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြင်ဆင်သွားမည် ဖြစ်ကာ မဲရုံမှူးလက်စွဲများတွင်လည်း အသေးစိတ် ထည့်သွင်းသွားမယ်လို့လည်း‌ ဆောင်းပါးအရသိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အဆိုပါမဲပေးစက်အသုံးပြုပုံများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ယခုနှစ် ဖေဖော်ဝါရီ(၉)ရက်နေ့က သွားရောက်ရှင်းလင်းပြသခဲ့ကြတယ်လို့ နစကပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

YMG/knl

#မြန်မာအီလက်ထရွန်းမဲပေးစက်

#မြန်မာရွေးကောက်ပွဲ

#မြန်မာနိုင်ငံရေး

#YangonMediaGroup