Published 19 Feb 2023

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်ကို ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီအတွက် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို နစက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက  ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁၇)ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။

စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါဖွဲ့စည်းတဲ့ အမိန့်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်နှင့် သက်ဆိုင်တဲ့ တည်ဆဲဥပဒေ၊နည်းဥပဒေတွေကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေဖို့ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းရတာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ယင်းအဖွဲ့ကို စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ကြပါတယ်။အဖွဲ့ဝင်(၁၁)ဦးထဲမှာ  နစက ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့မှ တစ်ဦး၊ နစကရုံးညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်၊နှင့် အခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆက်စပ်တဲ့ ဌာနတွေရဲ့ညွှန်ကြားရေးမှူးချုပ်ပါဝင်ကြပါတယ်။

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရတာဟာ ခေတ်စနစ်နှင့်လျော်ညီအောင်ဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အပြင် ပြင်ဆင်ဖြည့်စွက်မယ့် အချက်တွေဟာ နောင်မှာ ပြဋ္ဌာန်းမယ့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေနှင့်လိုက်လျောညီထွေဖြစ်ဖို့လည်းပါဝင်တယ်လို့သိရပါတယ်။

သုံးသပ်တွေ့ရှိချက်တွေကို နစကရုံးသို့တင်ပြပြီးတဲ့အခါ အတည်ပြုချက်ရရှိပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း အမိန့်ကြော်ငြာစာထဲမှာ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ်မတ်လအထိ တပ်မတော်သား ပင်စင်စားများ အပါအဝင် ပင်စင်စားဦးရေ ၉၉၄၂၁၆ ဦးရှိပြီး ယင်းတို့အတွက် အသုံးစရိတ်မှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏စုစုပေါင်းအသုံးစရိတ်၏ ၃.၆၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရှိရပါတယ်။

-ymg/knl

#Myanmar

#Myanmar_Pension_Law