Published 5 Feb 2023

အာဆီယံခေါင်းဆောင်များနှင့် မြန်မာနစက ခေါင်းဆောင်တို့အကြား အထူးအစည်းအဝေးတစ်ရပ်ကျင်းပဖို့  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ကြိုးစားကြံဆနေတယ်လို့ အာဆီယံသံတမန်တစ်ဦးကို ကိုးကားပြီး ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနက သတင်းရေးသား လိုက်ပါတယ်။

အင်ဒိုနီးရှားဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွေ့အကြုံတွေ ဖလှယ်ဖို့ အကြီးတန်းတပ်မတော်အရာရှိကြီး တစ်ဦးကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့တယ်လို့လည်း အဆိုပါသတင်းကရေးသားပါတယ်။

အဲဒီအပြင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုအနေဖြင့် သိပ်မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကိုသွားရောက်ဖို့လည်း စီစဉ်နေတယ်လို့ နောက်ထပ် သံတမန်သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဆက်လက်ရေးသားပါတယ်။

အင်ဒိုနီးရှားက နှစ်ရက်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပအပြီးမှာ အဆိုပါသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားရဲ့ သဘောထားတင်းမာတဲ့ မူဝါဒအပြောင်းအလဲ လက္ခဏာဖြစ်တယ်လို့လည်း ကျိုဒိုသတင်းဌာနကဆိုပါတယ်။

“ အာဆီယံခေါင်းဆောင်တွေနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အကြား အထူးအစည်းအဝေးတစ်ခုဖြစ်နိုင်ခြေရှိနေပါတယ်” လို့ အာဆီယံသံတမန်အရင်းအမြစ်တစ်ခုက ကျိုဒိုသတင်းဌာနကိုပြောပါတယ်။

အဲဒီအစည်းအဝေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အဆိုပါသတင်းအရင်းအမြစ်က ပြောပါတယ်။ ဒါပေမယ့် အချိန်နှင့်နေရာတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သူကထပ်မံပြောပါတယ်။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌအဖြစ်အနေနှင့် အင်ဒိုနီးရှားဟာ ယခုနှစ် မေနှင့်စက်တင်ဘာလတွေမှာ  ဒေသဆိုင်ရာထပ်သီးအစည်းအဝေးတွေကျင်းပဖို့တော့ရှိနေပါတယ်။

အထူးအစည်းအဝေးကိစ္စကို မေးမြန်းတဲ့အခါ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံပူးပေါင်းဆောင်ရွက်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဆစ်ဒါတိုဆာယိုဒီပူရိုက “ ဒီအထူးအစည်းအဝေးအကြောင်း ကျွန်တော်အခုမှကြားဖူးတယ်” လို့တော့ ပြောပါတယ်။

Source Kyodo News

#Myanmar

#Myanmar_Politics

#Myanmar_ASEAN