#LocalNews
Published _5 February 2023

 

နစက ဆန့်ကျင် အဖွဲ့ အခြေပြုနေသည့် လွိုင်ကော်မြို့နယ်ထဲက နေရာတစ်ခုကို လေကြောင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူချေမှုန်းခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဒေသတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို မလိုလားသော ပြည်သူများသတင်းပေးပို့ခဲ့သောကြောင့် တပ်မတော်က လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် ၁၀ မိုင်ခန့်အကွာ ဒေသအခေါ် ဆင်စခန်း၌ နစက ဆန့်ကျင်အဖွဲ့ များ အခြေပြုနေကြောင်းသိရှိရ၍ ဖေဖော်ဝါရီလ ၃ ရက်တွင် လေကြာင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action ) ပြုလုပ်ခဲ့ရာ နစက ဆန့်ကျင် အဖွဲ့ များထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နစက ဆန့်ကျင်အဖွဲ့ များအနေဖြင့် ကယားပြည်နယ် အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရပ်ဖက်ခရီးသည်တင်လေယာဉ်တစ်စီး လွိုင်ကော် လေဆိပ်သို့ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် လွိုင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တို့ကို ပစ်ခတ်ခံရခြင်း၊ ဇူလိုင်လ ၆ ရက်တွင် လောပိတသ‌င်္ဘောပင်စခန်းနှင့် ဘီးလူးချောင်း(၁၀)မိုင်ကုန်းစခန်းတို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခံရခြင်း၊ စက်တင်ဘာလ ၃၀ ရက်တွင် အရပ်ဖက် ခရီးသည် ပို့ဆောင်ရေးလေယဉ် ATR- 72 ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ နိုဝင်ဘာလ ၁၁ ရက်တွင် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် လေဆိပ်သို့ Drop Bomb များဖြင့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တိုက်ခိုက်ခြင်း များအပြင် လွိုင်လင်လေး နယ်မြေခံတပ်ရင်းသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တို့တွင် လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့်အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် က (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် ကျင်းပနေစဉ် လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် မီတာ ၄၀၀၀ ခန့် အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ် ၆ ဦး၊ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထိ တိုက်ခိုက်ဖျက်ဆီးမှုများ ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ က ချေမှုန်းရေး ဆောင်ရွက်မှု(Counter - Terrorism Action ) များလုပ်ဆောင်ခဲ့ရာ မယ်တော်ဂူ ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ထိတွေ့ တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ နစက ဆန့်ကျင် အဖွဲ့ များထံမှ အလောင်း၊ လက်နက်၊ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည် ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ymg/mt
#Yangon_Media_Group