#Local_News
Published _28 Jan 2023

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းမြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား နစက ဆန့်ကျင်ဖက်တစ်စုက ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက် ဖမ်းဆီးသွား‌ကြောင်း နစကက သတင်းထုတ်ပြန်သည်။

 

အဆိုပါ နစက ဆန့်ကျင်ဖက်တစ်စုကမော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိ လာပြီး အဆိုပါစက်ရုံဝန်းအတွင်း စက်ရုံလုံခြုံရေးဆောင်ရွက်နေသည့် ဝန်ထမ်းများ အား သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြကာ စက်ရုံအတွင်းဝင်ရောက်၍ ဖမ်းဆီးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းတို့နှစ်ဦးအပြင် Laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊သိရသည်။

 

ယင်းနောက် အဆိုပါနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် နစက ဆန့်ကျင်ဖက်တစ်စုက ပြောဆိုစေခိုင်းချက်အရ မန်နေဂျာဦးမျိုးဇင်ဝင်းက စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးကို ဆက်သွယ်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိ‌ဆကြာင်း၊ယင်းစက်ရုံကို ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စတင် လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ Export ပြန်လည် တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

#ymg/mt
#Yangon _Media_Group