#Local_News
Published_25 January 2023

 

လူဦးရေ ၄၀၀၀ ကျော်အတွက်သောက်သုံးရေ ဖူလုံမည့် လျှိုပိတ်တမံ လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရသည်။

 

အဆိုပါ လျှိုပိတ်တမံလုပ်ငန်းမှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေနံမကျေးရွာအုပ်စု သပြေညောင်ကျေးရွာအနီးတွင် တည်ရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၂၆၂)သန်းဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းမှာတမံအလျား (၂၀၀)ပေ၊ အမြင့်(၄၅) ပေ အရွယ်အစားရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၃ ဒသမ ၅၀ ဂါလန်သန်းခန့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ခဲ့ကာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံ အိမ်ထောင်စု(၁၀၂၅)၏ လူဦးရေ(၄၀၁၂)ဦး၊ ကျွဲနွားတိရစ္ဆာန် အကောင်ရေ(၈၀၀၀)ကျော်အတွက် သောက်သုံးရေ ဖူလုံစွာရရှိစေမည့်အပြင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးကိုပါ အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ စာရင်များအရ သိရသည်။

#ymg/mt
#Yangon_Media_Group