Published 19 Jan 2023

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်တဲ့  မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေတဲ့  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဇန်နဝါရီ ၁၉ရက်  ယနေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ Jasmine ဟိုတယ်၌ ညစာစားပွဲဖြင့် ကြိုဆို ဧည့်ခံခဲ့တယ်လို့ နစက ပြန်ကြားရေး က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ညစာစားပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီး တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ နှစ်နိုင်ငံ စစ်သံမှူးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြတယ်လို့သိရှိရပါတယ်။

ညစာစားပွဲတက်ရောက်လာတဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦီးစီးချုပ်နှင့်ဇနီးတို့ကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် နှုတ်ခွန်းဆက်စကားများ အပြန်အလှန်ပြောကြားကြပြီး တက် ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ  ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ် ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့  အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရား များအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#Myanmar_Thailand_Military_Co-operation