ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ခုနှစ်ပြည်ထောင်အုပ်စုဟာ တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ထရီလီယံဒေါ်လာများစွာတန်ဖိုးရှိတဲ့ ဘီအာရ်အိုင်လို့ခေါ် တဲ့ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းကြီးကိုအံတုမယ့် အခြေခံအဆောက်အအုံအစီအစဉ် စီမံ ကိန်းကြီးတစ်ခုကို ဖွံ့ဖြိုးဆဲနိုင်ငံများထံကမ်းလှမ်းလိုက်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

#ဘာကြောင့်အံတု

ဂျီဆဲဗင်းလို့သိကြတဲ့ ခုနှစ်ပြည်ထောင်အုပ်စုဟာ ယခု အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာတွေ့ဆုံနေကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း၄၀အတွင်း စီးပွားရေးနှင့်စစ်ရေး တဟုန်ထိုးတက်လာပြီးနောက် တရုတ်သမ္မတ ရှီရဲ့ ငါတကောကောလုပ်ရပ်တွေကို ပြန်လှန်တုန့်ပြန်ဖို့နည်းလမ်းရှာဖွေနေတာပါ။ ဘီသရီးဒဗလျူB3W လို့အမည်ပေးထားတဲ့ သူတို့ရဲ့အစီအစဉ်ကြီးဟာ ၂၀၃၅ခုနှစ်အထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဒေါ်လာ (၄၀) ထရီလီယံလိုအပ်ချက်ကို ကျဉ်းမြောင်းသွားစေလိမ့်မယ်လို့ အဲဒီအစည်းအဝေးတက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သူ့ရဲ့အခြားခုနှစ်ပြည်ထောင်ခေါင်းဆောင်တွေက ယုံကြည်နေကြ တယ်လို့အိမ်ဖြူတော်ကပြောကြောင်း သတင်းမှာရေးသားထားပါတယ်။ (ဘီသရီးဒဗလျူ B3W ဆိုတာ Build Back Better Worldရဲ့ အတိုကောက်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ကမ္ဘာ ကိုပြန်တည် ဆောက်ခြင်းလို့ မြန်မာလိုအနက်ဖွင့်နိုင်ပါတယ်။)

#အပြုသဘောနည်းလမ်းတစ်ခါမျှမပေးရသေး
“ ဒါဟာ တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းတစ်ခုမျှသာမဟုတ်ပါဘူး။ အခုထက်တိုင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့တန်ဖိုး၊ စံနှုန်းစံထားတွေနှင့် စီးပွာရေးလုပ်ငန်းလုပ်နည်းကိုင်နည်းတွေကို ထင်ဟပ်စေတဲ့ အပြုသဘောဆောင်တဲ့ အခြားနည်းလမ်းတစ်ခုကို အခုထက်တိုင် ကျွန်တော်တို့က မကမ်းလှမ်းရသေးလို့ပါ” လို့ ဘိုင်ဒင်အစိုးရအဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။  ဘီသရီးဒဗလျူ ဟာ ရာသီဥတု၊ ကျန်းမာရေး၊ ကျန်းမာရေးလုံခြုံရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် လိင်တန်းတူညီမျှရှိမှု စတဲ့နယ်ပယ်တွေမှာ ပုဂ္ဂလိကလုပ်ငန်းတွေ အရင်းအနှီးတွေရရှိစေဖို့ ကမကထပြုလုပ် ပေးမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ ဒီအစီအစဉ်က ဘယ်လိုလုပ်မှာလဲ၊ ငွေအရင်းအနှီး ဘယ်လောက်ထည့်ဝင်လုပ်ဆောင်မှာလဲ ဆိုတာကိုတော့ ချက်ခြင်းလက်ငင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

#တရုတ်ရဲ့ဘီအာရ်အိုင်ဆိုတာ
တရုတ်ရဲ့ ရပ်ဝန်းတစ်ခုမ်းကြောင်း တစ်သွယ်(ဘီအာရ်အိုင်)အစီအစဉ်ကို သမ္မတရှီကျင့်ဖျင်က ၂၀၁၃ခု နှစ်မှာစတင်ခဲ့ပြီး အာရှကနေ ဥရောပနှင့်ယင်းကိုကျော်လွန်၍ ရောက်ရှိပြီး ဖွံဖြိုးရေးနှင့်ရင်းနှီးမြှပ်နှံရေး ကမကထပြုမှုတွေပါဝင်နေပါတယ်။ ယခုအထိ တရုတ်ရဲ့ဘီအာရ်အိုင်ရဲ့ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ အမြန်လမ်းမကြီးတွေနှင့်အခြားသော အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း တွေမှာ ပါဝင် ကြဖို့ နိုင်ငံပေါင်း၁၀၀ကျော်က လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ ရှီရဲ့အစီအစဉ်ဟာ ယခင်ကတရုတ်ကနေ အာရှနှင့်ဥရောပကိုဆက်သွယ်တဲ့ ရှေးဟောင်းပိုးလမ်းမကြီးကို ခေတ်အမြင်၊ခေတ်သစ်ပုံနှင့် တီထွင်ဖန်းတီးထားတာဖြစ်တယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဂျာမဏီ၊ဗြိတိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျပန်တို့ပါဝင်တဲ့ ခုနှစ်ပြည်ထောင်အုပ်စုရဲ့ ခေါင်းဆောင် တွေဟာ တရုတ်ရဲ့ကြီးထွားလာတဲ့ အရှိန်ဩဇာအတွက် ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီတွေကလည်း အခြားနည်းလမ်းတစ်ခု ကမ်းလှမ်းနိုင်ပါတယ်ဆိုတာကို ကမ္ဘာကိုပြသဖို့ အင်္ဂလန်နိုင်ငံ၊ ကာဘစ်ပင်လယ်အော်ရဲ့ ကမ်းခြေအပန်းဖြေစခန်းမှာ စုရုံးရောက်ရှိနေကြတာဖြစ်ပါတယ်လို့ ရိုက်တာက ရေးသားပါတယ်။