#World_News
Published 6 January 2023

 

ဗြိတိန်မှ အိန္ဒိယသို့ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ နှစ်ကြိမ်တိုင်တိုင် နှလုံးရပ်သွားခဲ့တဲ့ခရီးသည်တစ်ဦးကို ဆရာဝန်တစ်ယောက်က အချိန် ၅ နာရီမျှကြာမြင့်တဲ့အထိ ကြိုးကြိုးစားစား ကယ်တင်ပေးခဲ့ပါတယ်။

 

ဒေါက်တာ'ဗစ်ရှ်ဝါရာဂျ်ဗီမယ်လာ'က သူ့အမေနဲ့အတူ ဘန်ဂလိုမြို့သို့ Air India လေကြောင်းလေယာဉ်ဖြင့် သွားနေစဉ် ခရီးသည်တစ်ဦးက လဲကျပြီး အသက်ရှူရပ်သွားခဲ့ပါတယ်။

 

ဘာမင်ဂမ်တက္ကသိုလ်ဆေးရုံမှ သွေးရောဂါအထူးကုအတိုင်ပင်ခံလည်းဖြစ်တဲ့ ဒေါက်တာက အသက် ၄၃ နှစ်အရွယ်အမျိုးသားကို ပြန်ပြီးအသက်ဝင်လာအောင် စတင်ကြိုးပမ်းခဲ့ပါတယ်။

 

"သူအသက်ပြန်ဝင်မလာခင် တစ်နာရီလောက်ကယ်ဆယ်ပြုစုလိုက်ရပါတယ်၊ လေယာဉ်ဝန်ထမ်းတွေမှာ ဆေးတွေဘာတွေရှိလားဆိုပြီး မေးမြန်းခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ သူတို့မှာ အရေးပေါ်ဆေးပစ္စည်းရှိခဲ့ပြီး အသက်ပြန်ရှူလာအောင် ထောက်ပံ့ပေးနိုင်တဲ့ ပစ္စည်းတွေပါဝင်ခဲ့ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

 

အောက်ဆီဂျင်နဲ့ အလိုအလျောက်နှလုံးဆွပေးတဲ့စက်သာရှိတာကြောင့် ခရီးသည်တွေဆီမှာ အထောက်အပံ့ပေးနိုင်မယ့်ပစ္စည်းရှိ/မရှိ မေးမြန်းခဲ့ပါတယ်။

 

အဲဒီမှာတော့ နှလုံးခုန်နှုန်းစောင့်ကြည့်စက်၊ သွေးပေါင်ချိန်တိုင်းကိရိယာ၊ နှလုံးခုန်နှုန်းတိုင်းတာစက်၊ ဂလူးကို့စ်မီတာတို့ဖြင့် လူနာရဲ့အရေးကြီးလက္ခဏာများကို စောင့်ကြည့်နိုင်ခဲ့ပါတယ်။

 

နောက်ထပ်တစ်ကြိမ် နှလုံးဖောက်ခဲ့ရာမှာတော့ ဒုတိယအကြိမ်ကယ်ဆယ်ဖို့ အချိန်ပိုပြီးကြာမြင့်ခဲ့ရပါတယ်။

 

"လေယာဉ်ပေါ်မှာ ၂ နာရီလောက်အထိ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် ပုံမှန်မဟုတ်ဘဲဖြစ်နေပါတယ်၊ လေယာဉ်ဝန်ထမ်းတွေကပါ သူ့ကိုကယ်တင်ဖို့ ၅ နာရီလောက်ကြိုးစားခဲ့ကြပါတယ်၊ ခရီးသည်တွေလည်း အတော်ထိတ်လန့်ခဲ့ရပြီး ခံစားခဲ့ရပါတယ်" လို့ ပြောပြခဲ့ပါတယ်။

 

လေယာဉ်မှူးက ပါကစ္စတန်လေဆိပ်တစ်ခုမှာ ဆင်းသက်ဖို့ခွင့်တောင်းခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရပါတယ်။

 

ဒါကြောင့် မွမ်ဘိုင်းမှာဆင်းသက်ခဲ့ရပြီး အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက အသင့်စောင့်ဆိုင်းနေကြပါတယ်။

 

"လေယာဉ်ဆိုက်တဲ့အချိန်မှာ ခရီးသည်လူနာက အသက်ပြန်ရှူလာနိုင်ပြီး ကျွန်တော်နဲ့စကားပြောနိုင်ပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံကိုသွားပြီးစစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်" လို့ ဆိုပါတယ်။

 

"လူနာက မျက်ရည်တွေဝဲပြီး ကျေးဇူးတင်ကြောင်းပြောပါတယ်၊ အသက်ကယ်ပေးခဲ့တဲ့အတွက် အသက်ကြွေးတင်သွားပြီလို့ သူကပြောပါတယ်" လို့ ပြောပြပါတယ်။

 

"ဆေးပညာလေ့ကျင့်သင်ယူတုန်းက နှလုံးရပ်တာမျိုးကို စမ်းသပ်ပြုလုပ်ဖူးပေမယ့် အမြင့်ပေ ၄ သောင်းလောက်မှာတော့ တစ်ခါမှ မလုပ်ဖူးပါဘူး၊ တိုင်ပင်ခံတစ်ယောက်အနေနဲ့ ၇ နှစ်သက်တမ်းရှိလာတဲ့အချိန်မှာမှ ကျွန်တော်အသက်ကယ်နေတာကို အမေမျက်မြင်တွေ့ခဲ့ရတာဖြစ်ပြီး သူမအလွန်ငိုကြွေးရတဲ့အထိ ခံစားခဲ့ရပါတယ်"

 

Air India ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပြုသေးပါဘူး။

 

Source: South China Morning Post
#Yangon_Media_Group