Published 15 Dec 2022

အာဆီယံဟာ ပေးစာကမ်းစာတွေထက် ဥရောပနှင့်လွတ်လပ်သောကုန်သွယ်မှုတစ်ခုလိုချင်တာသာဖြစ်ပြီး အင်အားကြီးတွေပြိုင်ဆိုင်မှုကြားထဲ အသုံးချခံနယ်ရုပ်တစ်ရုပ် အဖြစ်မခံလိုကြောင်း အာဆီယံခေါင်းဆောင်တွေက ဘရပ်ဆဲလ်မြို့မှာ ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါတယ်။

အာဆီယံနှင့် ဥရောပသမဂ္ဂတို့အကြား ပထမဆုံးသော ထိပ်သီးအစည်းအဝေးပြီးဆုံးပြီးနောက် အဖွဲ့ကြီးနှစ်ခုအကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည်စတင်ဖို့ မနီးကပ်သေးတဲ့အပေါ် အာဆီယံဟာ မကျေမနပ်မှုနှင့် ကျန်ခဲ့ရတာဖြစ်ပါတယ်။

 မြန်မာနိုင်ငံပါဝင်နေတဲ့ အာဆီယံမှာ ဒီလိုမျိုးသဘောတူညီချက်မျိုးကို ဥရောပသမဂ္ဂ(အီးယူ)အနေနှင့် ဆွေးနွေးဖို့တုန့်ဆိုင်းနေတာဖြစ်တယ်လို့ အေအက်ဖ်ပီကရေးပါတယ်။ အဲဒီအစား အဖွဲ့အချင်းချင်း သဘောတူညီမှုကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီနှင့်သာ ဆောင်ရွက်သွားလိုတယ်လို့ အီးယူခေါင်းဆောင်တွေက ပြောပါတယ်။

အီးယူက ယူရို ၁၀ဘီလျံ( အမေရိကန်ဒေါ်လာ ၁၀.၇ဘီလျံ)တန်ဖိုးရှိတဲ့ အခြေခံအဆောက်အအုံအကူအညီနှင့် ချေးငွေတွေကို အာဆီယံနိုင်ငံတွေကို ပေးမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ 

“ အာဆီယံဟာ ဥရောပကနေအကူအညီအမြဲတမ်းရရှိနေဖို့ စိတ်မဝင်စားဘူး၊ ကုန်သွယ်ရေးသဘောတူညီချက်ပဲ ပိုသဘောကျတယ်”လို့ အာဆီယံရဲ့ တာဝန်ပြီးဆုံးတော့မယ့် ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က  အီးယူကို သတိပေးပြောကြားလိုက်ပါတယ်။

“ အာဆီယံဟာ အီးယူက အကူအညီကို အမြဲတမ်းစောင့်ဆိုင်းနေတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒေသနှစ်ခုရဲ့ စီးပွားရေးအစပ်တည့်မှုကို မြင်လိုတယ်” လို့ ဟွန်ဆန်ကပြောလိုက်ပြီး မြန်မာကိစ္စမှာ “ နိုင်ငံရေးဟာ အီးယူနှင့်အာဆီယံရဲ့ တိုးတက်မှုကို အဟန့်အတားမဖြစ်စေသင့်ဘူး” လို့လည်းပြောပါတယ်။

“ ဥရောပနိုင်ငံတွေကပိုတိုးတက်တာ မှန်ပါတယ်။ ဒါပေမယ့် အာဆီယံဟာ  အကူအညီလက်ခံရယူနေတဲ့ နေရာတစ်ခုမျှ မဟုတ်ဘူး။ အာဆီယံနှင့် ဥရောပဟာ ကုန်သွယ်မှုသဘောတူညီချက်တစ်ခုရှိသင့်တယ်” လို့ သူကပြောပါတယ်။

အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုမှာ ဒေသကိုမကြာခဏဆိုသလို ဟိုယိမ်းသည်ယိမ်းလို့ ဖော်ပြကြတာရှိတာကို သတိပေး လိုက်ပြီး ပထဝီနိုင်ငံရေး အပြန်အလှန်တိုက်ပွဲမှာ ပိတ်မိနေတာမျိုးကို သဘောမကျဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျုနီယာက ပြောလိုက်ပါတယ်။” ဘယ်အင်အားကြီးနိုင်ငံဟာ ကျွန်တော်တိုနှင့် မဟာမိတ်ဖြစ်တယ်လို့ ရွေးချယ်ရမယ့် စစ်အေးတိုက်ပွဲအခြေအနေတွေပြန်သွားဖို့ ကျွန်တော်တို့ လုံးဝငြင်းဆိုတယ်” လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။

“ အာရှပစိတ်ဖိတ်ဒေသရဲ့ အနာဂတ်ကို အာရှပစိဖိတ်နိုင်ငံတွေကသာ ဆုံးဖြတ်သင့်ပြီး အဲဒီဒေသအပြင်က ဘယ်အင်အားကြိးနိုင်ငံကမှာ မဆုံးဖြတ်သင့်ဘူးဆိုတဲ့ အတွေးအခေါ်ကို  အာဆီယံအဖွဲ့ဝင်တွေဟာ ကတိပြုထားကြတယ်” လို့လည်း ဖိလစ်ပိုင်သမ္မတက ထပ်မံပြောဆိုပါတယ်။

အီးယူက အာဆီယံကို ပထဝီနိုင်ငံရေးကိစ္စတွေထဲ ပါဝင်လာဖို့ ကြိုးပမ်းမှုတွေဟာ လုံးဝဥဿုံ မအောင်မမြင်ဖြစ်ခဲ့ရတာပါ။

ထိုင်ဝမ်နှင့် ရုရှားရဲ့ယူကရိန်းကျူးကျော်မှုခေါင်းစဉ်တွေဟာ နှစ်ဘက်အကြား ပေါင်းကူးလို့ မရနိုင်လို့ အဲဒီကိစ္စတွေဆွေးနွေးတာရပ်ပစ်ခဲ့ကြရပါတယ်။  စေ့စပ်ညှိနှိုင်းသူတွေက ပူးတွဲကြေညာချက်တစ်စောင်အတွက် ရက်သတ္တပတ်ပေါင်းများစွာ ကြိုးစားခဲ့ကြပေမယ့် တကယ်ရလိုက်တာကတော့ စာကြောင်းတွေက စိတ်ပျက်စရာ ကောင်းလှတယ်လို့ အီးယူခေါင်းဆောင်တွေကပြောပါတယ်။

Source: SCMP

#ASEAN_EU_Summit

#Free_Trade_Rather_than_handouts

#EU_ASEAN_Relations