#Ukraine_Crisis
Published 28 November 2022

 

ရုရှားတို့က ယူကရိန်းကို ဒုံးကျည်များဖြင့် သေချာပေါက် ထပ်မံတိုက်ခိုက်ဦးမှာဖြစ်ကြောင်း၊ ကာကွယ်ရေးတပ်များနဲ့ ယူကရိန်းပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းပြဿနာကို ဆက်လက်ပြီး ကြံ့ကြံ့ခံသွားဖို့လိုအပ်ကြောင်း ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တနင်္ဂနွေနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

 

မြို့တော်ကိဗ်မှာ တနင်္ဂနွေနေ့က နှင်းများကျဆင်းပြီး အပူချိန်ကအေးခဲမှတ်နီးပါးရှိနေကာ တစ်ညလုံးမြူဆိုင်းနေခဲ့ပါတယ်။
ဓာတ်အားလိုင်းများ၊ ရေပေးလိုင်းများ၊ အပူပေးလိုင်းများ ပြုပြင်ပြီးတော့မှာဖြစ်ပေမယ့် သုံးစွဲမှုမြင့်မားမှုကြောင့် ဓာတ်အားဖြတ်တောက်မှုအချို့ ဆောင်ရွက်ခဲ့ရကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။

 

မြို့တော်နဲ့ အနီးတဝိုက်မှ လူသန်းပေါင်းများစွာဟာ ရုရှားလေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ်ခံစားနေရပါတယ်။

 

"အကြမ်းဖက်ရုရှားတွေက နောက်ထပ်တိုက်ခိုက်ဖို့ စီစဉ်နေတာကို သိထားပါတယ်၊ ဒါသိကိုသိထားရမှာပါ၊ သူတို့မှာ ဒုံးကျည်တွေရှိနေသရွေ့ ဘယ်တော့မှကြေအေးမှာ မဟုတ်ပါဘူး" လို့ ဇယ်လန်စကီက ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားရုံတွေကို အဓိကထားတိုက်ခိုက်နေတာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ကာ လာမယ့်ရက်သတ္တပတ်တွေမှာလည်း ဆက်လက်ခက်ခဲနေဦးမှာဖြစ်ကြောင်း ဆိုပါတယ်။

 

"ကာကွယ်ရေးအဖွဲ့တွေ အဆင်သင့်ဖြစ်နေပါပြီ၊ မဟာမိတ်တွေနဲ့အတူ အခြေအနေအရပ်ရပ်အတွက် ပြင်ဆင်ထားပါပြီ" လို့ ပြောခဲ့ပါတယ်။

 

ချမ်းအေးလှတဲ့ဆောင်းတွင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်မှုကလည်း ပိုမိုများပြားနေပြီး ဓာတ်အားစက်ရုံများကို အလျင်အမြန်ပြုပြင်နေရကြောင်း ဓာတ်အားပေးလွှတ်ရေးကုမ္ပဏီ ယူခရီနာဂိုက ပြောကြားခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့က ရုရှားတို့တိုက်ခိုက်မှုကြောင့် ဓာတ်အားထုတ်လုပ်ရေးများအနေနဲ့ ဓာတ်အားအပြည့်အဝမပေးနိုင်သေးဘဲ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုပြုလုပ်ပြီး စွမ်းအင်ချွေတာနေရပါတယ်။

 

ဓာတ်အားထုတ်လုပ်ရေးစက်ရုံတွေကို တိုက်ခိုက်ခြင်းက ဆုံးရှုံးမှုများပြားလွန်းတယ်လို့ ယူခရီနာဂိုမှ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။

 

ရုရှားတို့ဟာ ယူကရိန်းရဲ့ အဓိကအချက်အခြာအဆောက်အအုံများကို လေကြောင်းကနေ တိုက်ခိုက်လျက်ရှိပြီး အရပ်သားများသေဆုံးကာ ဓာတ်အားပြတ်တောက်မှု အကြီးအကျယ်ကြုံတွေ့နေရပါတယ်။

 

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့မှုဟာ ၉ လတာစစ်ပွဲကာလအတွင်း အဆိုးရွားဆုံးပျက်စီးခဲ့ပြီး ရာသီဥတုအပူချိန် သုညဒီဂရီဆဲလ်စီးယပ်စ်အောက် ရောက်ရှိနေချိန်မှာ သန်းနဲ့ချီတဲ့ယူကရိန်းအရပ်သားတွေဟာ ဓာတ်အား၊ ရေ၊ အပူပေးစနစ်များမရရှိဘဲ ဖြစ်နေပါတယ်။

 

'ဇယ်လန်စကီ'က ပြည်သူများအနေနဲ့ ဓာတ်အားချွေတာသုံးစွဲဖို့ ဆက်တိုက်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group