#World_Health
Published 27 November 2022

 

သားဥအိမ်ကင်ဆာက ယူကေမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး တစ်နှစ်ကို လူပေါင်း ၄ ထောင်ကျော်သေဆုံးနေရတယ်လို့ ယူကေကင်ဆာသုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။

 

ရောဂါစောစောသိရရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေမှာဖြစ်တာကြောင့် အသံတိတ်ဒုက္ခပေးနေတဲ့ ရောဂါလက္ခဏာများအကြောင်း သိရှိဖို့အရေးကြီးပါတယ်။

 

သားဥအိမ်ကင်ဆာဟာ ပိုမိုအဆင့်မြင့်လာမှ ရောဂါလက္ခဏာထင်ရှားတတ်ကြောင်း ဟားဗတ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပညာရှင်များက ပြောကြားလိုက်ပါတယ်။

 

ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတေွကို သတိပြုသင့်ပြီး အစာစားချိန်မှာ သတိထားမိလောက်တဲ့ အန္တရာယ်ရှိလက္ခဏာတစ်ခုကို ပြောပြလိုက်ပါတယ်။

 

အချို့အမျိုးသမီးတွေမှာ စားချင်စိတ်မရှိတာမျိုး ကုန်အောင်မစားနိုင်တာမျိုး သတိထားမိလောက်မှာပါလို့ လန်ဒန်အခြေစိုက်ဒေါက်တာ'စတက်ဖာနီအွီ'က The Sun သတင်းစာကို ပြောကြားလိုက်ပါတယ်။

 

အစောဆုံးလက္ခဏာတွေက အစာအိမ်မှာ အဖုထွက်လာခြင်း၊ အစားများများစားထားသလို ပြည့်တင်းနေခြင်းတို့ ခံစားရတတ်ပါတယ်။
ရုတ်တရက် ကိုယ်အလေးချိန်ကျသွားတာကလည်း အန္တရာယ်ရှိတဲ့လက္ခဏာဖြစ်ပါတယ်။

 

ကျောဘက်၊ အစာအိမ်တို့မှာ အောင့်ခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်းတွေ ဖြစ်တတ်ပြီး ရင်ပြည့်ရင်ကယ်တာတွေလည်း ဖြစ်တတ်ပါတယ်။
ဒီလိုလက္ခဏာတွေဖြစ်ပေါ်ခြင်းဟာ သားဥအိမ်ကင်ဆာဖြစ်တယ်လို့ တပ်အပ်မဆိုလိုပေမယ့် ဆရာဝန်နဲ့တော့ တိုင်ပင်သင့်ကြောင်း ပြောပြထားပါတယ်။

 

သားဥအိမ်ကင်ဆာဖြစ်ပွားသူတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ အသက် ၇၅ နှစ်အထက် အမျိုးသမီးကြီးတွေဖြစ်ပြီး အဖြစ်နည်းတဲ့လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ ဝမ်းလမ်းကြောင်း အခြေအနေပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။

 

အဆိုပါကင်ဆာကုသပုံကတော့ ဖြစ်တဲ့အမျိုးအစားနဲ့ ဘယ်လောက်အထိပျံ့နှံ့နေသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

 

များသောအားဖြင့် ခွဲစိတ်မှုပြုလုပ်လေ့ရှိပြီး ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကို ဖယ်ထုတ်ရကာ လိုအပ်ရင် သားဥအိမ်တွေ၊ သားဥပြွန်တွေနဲ့ သားအိမ်ကိုပါ ဖယ်ထုတ်ရလေ့ရှိပါတယ်။

 

ဓာတုကုထုံးဖြင့်လည်း ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်များကိုသတ်ရလေ့ရှိပြီး တစ်ခါတရံမှာ ခွဲစိတ်မှုမလုပ်ခင် ကင်ဆာကျုံ့သွားအောင် ဓာတုကုထုံးအသုံးပြုရလေ့ရှိပါတယ်။

 

ခန္ဓာကိုယ်မှာ ကင်ဆာအလွန်အများပျံ့နှံ့သွားပြီဆိုရင်တော့ ရောဂါလက္ခဏာများလျှော့ချဖို့နဲ့ ကင်ဆာကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ဖို့သာ ကုသရပါတယ်။

 

Source: The Sun
#Yangon_Media_Group