#World_Military
Published 25 November 2022

 

တစ်ချိန်တုန်းက အာရှမှာ အကြီးမားဆုံးဖြစ်ခဲ့တဲ့ စစ်အခြေစိုက်စခန်းကို အမေရိကန်တို့စွန့်လွှတ်ခဲ့ပြီးနောက် နှစ် ၃၀ အကြာမှာတော့ တရုတ်တို့ ရေကြောင်းပိုင်နက်နေရာချထားမှုများကို စိုးရိမ်လာသဖြင့် အမေရိကန်စစ်တပ်ဟာ ဆူဘစ်ပင်လယ်အော်ကို ပြန်လည်ရောက်ရှိလာဖွယ်ရှိကြောင်း ကင်းလွတ်ဆိပ်ကမ်းဇုန် ကြီးကြပ်ရေးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

အရင်က အမေရိကန်ရေတပ်အခြေစိုက်စခန်းတည်ရှိခဲ့တဲ့ ဆူဘစ်ပင်လယ်အော်ဟာ တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားကာ စည်ကားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ ဆူဘစ်ပင်လယ်အော်မက်ထရိုပိုလီတန်အာဏာပိုင်များ(SBMA)မှ ဒေသခံလူတစ်သိန်းခွဲခန့်ကို အလုပ်နေရာချထားပေးပါတယ်။

 

ကာကွယ်ရေးပူးပေါင်းမြှင့်တင်ရေးသဘောတူညီချက်(EDCA)အရ ဖိလစ်ပိုင်နိုင်ငံထဲရှိ နောက်ထပ်နေရာ ၅ ခုမှာလည်း အမေရိကန်စစ်ဘက်ဆိုင်ရာအဆောက်အအုံများနဲ့ လက်နက်များနေရာချထားရန် အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ညှိနှိုင်းဆွေးနွေးနေကြပါပြီ။

 

အဆိုပါဆိပ်ကမ်းမှာ ကြာသပတေးနေ့တုန်းက SBMA တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ပွဲများပြုလုပ်ခဲ့ပြီး အရပ်ဘက်လေယာဉ်များနဲ့ ဖိလစ်ပိုင်ရေတပ်ရဟတ်ယာဉ်များ ပြသခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါယာဉ်တွေကို အခုဆိုရင် ထောက်လှမ်းရေးနဲ့ လေကြောင်းလေ့ကျင့်ရေးတို့မှာ ပြန်လည်အသုံးချဖို့ ရည်ရွယ်ထားပါတယ်။

 

၂၀၁၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပုံအရဆိုရင် EDCA သဘောတူညီချက်က သတ်မှတ်ခဲ့တဲ့ ၁၀ နှစ်ကာလကို ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိနေကာ အမေရိကန်တို့က ဖိလစ်ပိုင်မှာ အခြေစိုက်စခန်းအသစ်များတည်ဆောက်ရန်နဲ့ ရှိပြီးသား EDCA နေရာများမှာ အဆင့်မြှင့်တင်ရန် ရင်းနှီးမှုများပြုလုပ်ဖို့ စိတ်ဝင်စားတဲ့ပုံပေါ်နေပါတယ်။

 

ထိုင်ဝမ်ရေလက်ကြား တင်းမာလာမှုများနဲ့ အမေရိကန် တရုတ်တို့ကြား ရန်လိုမှုများကြီးထွားလာခြင်းတို့က အခုလို စိုးရိမ်မှုတွေဖြစ်လာစေတာဖြစ်ကြောင်း SBMA ဥက္ကဌ'ရိုလန်ပေါ်လီနို'က ပြောကြားခဲ့ပါတယ်။

 

အနီးနားရှိ အိုလွန်ဂါပိုမြို့ရဲ့ မြို့တော်ဝန်ဟောင်းဖြစ်သူ'ပေါ်လီနို'က သူ့အစိုးရအဖွဲ့ဟာ အမေရိကန်နဲ့ ကာကွယ်ရေးမဟာမိတ်များအဖြစ် ဆက်လက်တည်ရှိလိုကြောင်း၊ အိုလွန်ဂါပိုမြို့ကလူတွေဟာ အမေရိကန်စစ်မှုထမ်းတွေနဲ့ ကာလကြာမြင့်တဲ့အထိ အတူနေထိုင်လာကြတာကြောင့် အမေရိကန်လိုလားသူများဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်'မယ်ရီကေကာလ်ဆန်'က နိုဝင်ဘာ ၉ ရက်နေ့မှာ ဆူဘစ်ပင်လယ်အော်နဲ့ အမေရိကန်ကုမ္ပဏီပိုင်ဆိုင်တဲ့ သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပါသေးတယ်။

 

ဖိလစ်ပိုင်ရေတပ်ဟာ ယင်းတို့ရေတပ်အခြေစိုက်စခန်းသစ်အဖြစ် ထိုသင်္ဘောကျင်းရဲ့နေရာအချို့မှာ အခြေချထားပါတယ်။

 

'ကာလ်ဆန်'လာရောက်လည်ပတ်ခြင်းက ဆူဘစ်ပင်လယ်အော်ဟာ အမေရိကန်အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ပြသရာရောက်ပါတယ်။

 

တရုတ်ကုမ္ပဏီနှစ်ခုက ထိုသင်္ဘောကျင်းကို လိုချင်နေခဲ့ပေမယ့် အမေရိကန်တို့ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်ထိပ်သီးအရာရှိတစ်ဦးက ဆိုပါတယ်။

 

ဖိလစ်ပိုင်သိမ်းယူထားတဲ့ ကျွန်းတစ်ကျွန်းအနီးမှာ ဖိလစ်ပိုင်ရေတပ်နဲ့ တရုတ်ကမ်းရိုးတန်းစောင့်တပ်တို့ကြား နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံမှုကို ရှင်းလင်းပြောကြားဖို့ ဖိလစ်ပိုင်သမ္မတ'ဖာဒီနန်မားကို့စ်ဂျူနီယာ'က အမိန့်ပေးသဖြင့် ဖိလစ်ပိုင်က တရုတ်ထံ စာရေးသားပေးပို့ခဲ့ပါတယ်။

 

အောက်တိုဘာလက ပစ်ခတ်ခဲ့တဲ့ တရုတ်ဒုံးကျည်မှ အပိုင်းအစများကို တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က အတင်းအဓမ္မရယူနေတာဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ဆိုပါတယ်။

 

Source: Kyodo News
#Yangon_Media_Group