#World_Health
Published 25 November 2022

 

ကလေးဘဝကနေ အရွယ်ရောက်သည်အထိ စာသင်ခန်းစာတွေပဲ လေ့လာခဲ့တဲ့သူအများစုမှာ အဝေးမှုန်အခြေအနေကြောင့် မျက်မှန်တပ်ကြရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

 

စာဖတ်လေ့လာမှုများအပြင် GJD2, RBFOX1, LAMA2, KCNQ5 နဲ့ LRRC4C မျိုးဗီဇမျိုးကွဲများက အဝေးမှုန်ဖြစ်လာရတဲ့ အကြောင်းအရင်းဖြစ်နေနိုင်ကြောင်း ဝေးလ်စ်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်မှ ဒေါက်တာ'ဂျရမီဂက်ဂျင်ဟိမ်း'ဦးဆောင်တဲ့ သုတေသီအဖွဲ့က ဖော်ပြခဲ့ပါတယ်။

 

ကျောင်းစာသင်တာ ကြာလာတာနဲ့အမျှ အဝေးမှုန်ဖြစ်လာချေများလာတဲ့ မျိုးဗီဇမျိုးကွဲ ၅ မျိုးကို သုတေသီများတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

 

အဝေးမှုန်ခြင်းက မျက်လုံးပြဿနာတစ်မျိုးဖြစ်ပြီး အသက်ကြီးသူတွေမှာ ပြန်မကောင်းနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

 

ကလေးတွေမှာလည်း အဝေးမှုန်ခြင်းဖြစ်နိုင်ပြီး အပြင်ထွက်ချိန်နည်းပါးခြင်း၊ ပညာသင်ကာလကြာမြင့်ခြင်းတို့အပြင် မျိုးရိုးဗီဇရောစပ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

 

အဝေးမှုန်ဖြစ်နိုင်တဲ့ မျိုးဗီဇမျိုးကွဲပေါင်း ၄၅၀ ကျော်ကို တွေ့ရှိခဲ့ပေမယ့် နေထိုင်မှုပုံစံကြောင့် အဝေးမှုန်ခြင်းခံစားရနိုင်တဲ့ အချို့လူတွေမှာတော့ မျိုးဗီဇမျိုးကွဲအနည်းငယ်နဲ့ သက်ဆိုင်နေပါတယ်။

 

ပါဝင်စမ်းသပ်သူ ၃၄၀,၀၀၀ ကျော်ထံမှ မျိုးဗီဇနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များအသုံးပြုရာမှာ အဝေးမှုန်ခံစားရသူတွေမှာ အန္တရာယ်များတဲ့ လူမှုနေထိုင်မှုပုံစံလည်းရှိကြကာ မျိုးဗီဇမျိုးကွဲအနည်းငယ်ကိုလည်း တွေ့ရှိရပါတယ်။

 

အဝေးမှုန်ခြင်းဖြစ်စေနိုင်တဲ့ မျိုးဗီဇမျိုးကွဲ ၅ မျိုးမှာမှ ၃ မျိုးကို အရင်က မသိခဲ့ဘဲ ကလေး ၈၀ ရာခိုင်နှုန်းခန့် အဝေးမှုန်ခြင်းခံစားရတဲ့ အရှေ့အာရှနေရာတွေမှာတော့ ၂ မျိုးသာ တွေ့ရှိခဲ့ကြပါတယ်။

 

အနောက်တိုင်းတွေမှာတော့ ကလေး ၃၀ ရာခိုင်နှုန်းလောက်က အဝေးမှုန်ခံစားကြရပါတယ်။

 

ဒီလေ့လာမှုကြောင့် အဝေးမှုန်ခြင်းဖြစ်စေတဲ့ မျိုးဗီဇနဲ့ လူနေမှုပုံစံတို့ အပြန်အလှန်သက်ရောက်ကြပုံကို ဇီဝလမ်းကြောင်းတွေကနေ သိမြင်နိုင်စေပါတယ်လို့ ကောက်ချက်ချထားပါတယ်။

 

အဝေးမှုန်ဖြစ်စေတဲ့ အကြောင်းအရင်းတွေ သိရှိနိုင်မှာဖြစ်ပေမယ့် လူနေမှုပုံစံနဲ့ ဆက်စပ်ပုံတွေကိုတော့ သိရှိဖို့ နောက်ထပ်လေ့လာရဦးမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group