#World_Health
Published 24 November 2022

ကမ္ဘာတဝှမ်းက သေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာ ဒုတိယအဖြစ်အများဆုံးကတော့ ဘက်တီးရီးယားပိုးကူးစက်ခြင်းပဲ ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ်တုန်းက သေဆုံးမှုအားလုံးကိုတွက်ကြည့်တဲ့အခါ ၈ ယောက်မှာ ၁ ယောက်နှုန်းက ဘက်တီးရီးယားကူးစက်မှုကြောင့် ဖြစ်ပါတယ်။

 

နိုင်ငံပေါင်း ၂၀၄ နိုင်ငံတဝိုက် အဖြစ်များတဲ့ ဘက်တီးရီးယားပိုး ၃၃ မျိုးနဲ့ ရောဂါကူးစက်မှု ၁၁ မျိုးတို့မှ လူသေဆုံးမှုများကို လေ့လာခဲ့ကြပြီး Lancet ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။

 

ဒီရောဂါပိုးတွေကြောင့် ၇.၇ သန်းသေဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်က တစ်ကမ္ဘာလုံးမှ သေဆုံးသူတွေရဲ့ ၁၃.၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

ဒါဟာ နှလုံးရောဂါပြီးနောက် သေဆုံးမှုဖြစ်ရတဲ့ ဒုတိယမြောက်အများဆုံး အခြေအနေဖြစ်ပါတယ်။

 

အဆိုပါသေဆုံးမှုတဝက်လောက်အတွက် ဘက်တီးရီးယားတွေထဲက ၅ မျိုးသာ တာဝန်ရှိခဲ့ပြီး စတက်ဖလိုကော့ကပ်စ်အော်ရီယပ်စ်၊ အီးကိုလိုင်၊ စထရပ်တိုကော့ကပ်စ်နျူမိုနီယေး၊ ကလက်ဆီယဲလားနျူမိုနီယေးနဲ့ ဆူဒိုမိုနက်စ်အေရူဂျီနိုဆာတို့ ဖြစ်ပါတယ်။

 

စတက်အော်ရီယပ်စ်က လူ့အရေပြားနဲ့ နှာခေါင်းတို့မှာ အဖြစ်များတဲ့ဘက်တီးရီးယားဖြစ်ပြီး အီးကိုလိုင်ကတော့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။

 

"ဒီလေ့လာမှုက ဘက်တီးရီးယားကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအန္တရာယ်ရှိနိုင်ပုံကို ပထမဆုံးဖော်ထုတ်ခဲ့တာဖြစ်ပါတယ်" လို့ စာတမ်းပြုစုသူ'ခရစ္စတိုဖာမာရေး'က ပြောကြားလိုက်ပါတယ်။

 

သုတေသနပြုချက်အရ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေကြား ကွာဟချက်ကို တွေ့မြင်နေရပါတယ်။

 

ဝေးလံတဲ့အာဖရိကနေရာတွေမှာ လူဦးရေ ၁ သိန်းမှာ ဘက်တီးရီးယားကူးစက်မှုကြောင့် သေဆုံးသူ ၂၃၀ ဦးရှိနေပြီး ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ၅၂ ဦးနှုန်းသာရှိပါတယ်။

 

သေဆုံးမှုနှုန်းလျှော့ချနိုင်ရန် ရန်ပုံငွေတိုးမြှင့်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ပိုမိုစီစဉ်ပေးရန်တောင်းဆိုလိုက်ပြီး အာမခံချက်မရှိတဲ့ ပိုးသတ်ဆေးများအသုံးပြုမှုကိုလည်း သတိပေးလိုက်ပါတယ်။

 

ဘက်တီးရီးယားကူးစက်မှုကာကွယ်ရန် လက်ဆေးကြောခြင်းက အသုံးဝင်တဲ့နည်းလမ်းဖြစ်ပါတယ်။

 

Source: CNA
#Yangon_Media_Group