#World_Sports
Published 23 November 2022

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမေရိကန်လူမျိုးပိုင်ရှင်တွေဟာ အသင်းကိုရောင်းချဖို့ စဉ်းစားထားတယ်လို့ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။

 

ရောင်းဝယ်မှုဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေမယ့် အသင်းတိုးတက်ရေးအတွက် အသင်းပိုင်ရှင်'ဂလေဇာ'မိသားစုဟာ ပြင်ပရန်ပုံငွေများရှာဖွေနေကြောင်း မန်ယူအသင်းက ပြောကြားခဲ့ပါတယ်။

 

"ဘုတ်အဖွဲ့ဟာ ကလပ်အသင်းသို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ ရောင်းချခြင်း ဒါမှမဟုတ် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အခြားငွေပေးငွေယူကိစ္စများအပါအဝင် ဗျူဟာမြောက်လုပ်ငန်းစဉ်များကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။

 

ရောင်းချမှုမှန်သမျှနဲ့ လတ်တလောရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ်ရန် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် ရိန်း(the Raine Group)ကို တာဝန်ပေးထားပါတယ်။

 

ရိန်းဘဏ်ဟာ ယခုနှစ်အစောပိုင်းကလည်း ပရီးမီးယားလိဂ်ကလပ်ချယ်လ်ဆီးအသင်းကို 'တော့ဒ်ဘိုလီ'နဲ့ 'ကလီးယားလိတ်ခ်'တို့ထံ ရောင်းချခဲ့ရာမှာ ပေါင် ၂.၅ ဘီလီယံအပြင် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု ပေါင် ၁.၇၅ ဘီလီယံတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

 

'ဂလေဇာ'မိသားစုဟာ မန်ယူကို အပြည့်အဝချုပ်ကိုင်ထားခြင်း မလုပ်တော့ဘူးလို့ အာမခံချက်မရှိပေမယ့် အခုလိုရောင်းချမယ့်သတင်းထွက်ပေါ်လာတာက အရင်ကတည်းက 'ဂလေဇာ'ထွက်ခွာရေးအစီအစဉ်တွေ ပြုလုပ်နေတဲ့ မန်ယူပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်ဖြစ်လာပါပြီ။

 

ကွယ်လွန်ပြီးဖြစ်တဲ့ သူဌေးကြီး'မယ်လ်ကွန်ဂလေဇာ'ဟာ ၂၀၀၅ ခုနှစ်တုန်းက မန်ယူအသင်းကို ပရိသတ်တွေဝေဖန်နေတဲ့ကြားက ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့ပါတယ်။

 

မကျေနပ်ချက်တွေက ပြီးခဲ့တဲ့နှစ်များအတွင်းမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး လတ်တလောကာလတွေမှာ ဒေါသတကြီးဆန္ဒပြမှုတွေ ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။

 

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားတာကြောင့် ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်နဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

 

"မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်အားက ကမ္ဘာတဝှမ်းက ပရိသတ် ၁.၁ ဘီလီယံရဲ့ စိတ်အားထက်သန်မှုနဲ့ သစ္စာရှိမှုတို့အပေါ် မူတည်နေပါတယ်" လို့ ပူးတွဲဥက္ကဌများဖြစ်တဲ့ 'အေဗရမ်ဂလေဇာ'နဲ့ 'ဂျိုးလ်ဂလေဇာ'တို့က ထုတ်ပြန်ခဲ့ပါတယ်။

 

"လက်ရှိရော အနာဂတ်မှာပါ အသင်းအတွက် အတိုးတက်ဆုံးအခြေအနေကို ရောက်ရှိအောင်လုပ်ပြီး ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်အောင် ရွေးချယ်လုပ်ဆောင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

 

အသင်းကို အကြွေးနဲ့ဝယ်ယူခဲ့တဲ့ ဂလေဇာရဲ့လုပ်ရပ်၊ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ အမြတ်အစွန်းများကို ပိုင်ရှင်တွေမှ ခွဲဝေယူကြခြင်းများအပေါ် မန်ယူပရိသတ်များက ဝေဖန်ခဲ့ကြပါတယ်။

 

နည်းပြကြီး'အဲလက်စ်ဖာဂူဆန်'အနားယူပြီးနောက် မန်ယူအသင်းအနေနဲ့ ဆုတ်ယုတ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခြင်းမရှိတော့ဘဲ အဓိကမြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ခါးသီးတဲ့ပြိုင်ဘက် လီဗာပူးလ်တို့ကသာ အင်္ဂလိပ်လိဂ်ကို စိုးမိုးနေခဲ့ပါတယ်။

 

အသင်းဖွံ့ဖြိုးရေးအစီအစဉ်တွေထဲမှာ ပရိသတ်တွေ တောင်းဆိုထားကြတဲ့အတိုင်း အိုးလ်ထရက်ဖို့ဒ်ကွင်းကို တိုးတက်ပြောင်းလဲဖို့လည်း ပါဝင်ပါတယ်။

 

INEOS ရေနံဓာတုကုမ္ပဏီရဲ့ ဘီလျံနာသူဌေး'ဂျင်မ်ရက်ကလစ်ဖ်'က မန်ယူပရိသတ်ဖြစ်ခဲ့ပေမယ့်လည်း အသင်းအားဝယ်ယူရေးမှာတော့ ယခုလအတွင်း စိတ်ဝင်စားမှုလျော့ကျသွားခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group