#World_Health
Published 23 November 2022

ရှေးအရင်က နာမည်ကြီးအရေပြားရောဂါဖြစ်ခဲ့တဲ့ နူနာရောဂါဟာ လူသားတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးရှိလာနိုင်ပါတယ်။
လေ့လာချက်အသစ်အရ နူနာရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ထဲရှိ အရေးအကြီးဆုံးအင်္ဂါတွေထဲက တစ်ခုဖြစ်တဲ့ အသည်းကို ပြန်လည်နုပျိုလာအောင် လုပ်ဆောင်နိုင်ဖွယ်ရှိနေပါတယ်။

 

အဆိုပါတွေ့ရှိချက်တွေကို Cell Reports Medicine ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

အသည်းအင်္ဂါဟာ လူ့ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး သူ့မှာ ကိုယ်ပိုင်ပြန်လည်ရှင်သန်နိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း သိပ္ပံပညာရှင်များ သိပြီးသားဖြစ်ပါတယ်။

 

ဒါပေမဲ့ အသက်အရွယ်နဲ့အမျှ အိုမင်းလာပြီး ပျက်စီးလာတဲ့အသည်းတွေကတော့ ပြန်လည်နုပျိုနိုင်ဖို့ခက်ခဲတာကြောင့် ပြုပြင်ထိန်းသိမ်းရမယ့်နည်းလမ်း ရှာဖွေနေခဲ့ကြပါတယ်။

 

ဟန်းဆန်းရောဂါလို့လည်းခေါ်တဲ့ နူနာရောဂါ(လက်ပရိုဆီ)ဟာ လူတွေကို နှစ်ပေါင်းထောင်ချီပြီး ဒုက္ခရောက်စေခဲ့ကာ သမိုင်းတွင်ရောဂါတစ်ခုဖြစ်ခဲ့ပါတယ်။

 

၁၉ ရာစုနဲ့ ၂၀ ရာစုတွေကပင် နူနာရောဂါစွဲကပ်သူတွေဟာ ရောဂါကြောင့် လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ကြရပါတယ်။

 

အခုခေတ်မှာလည်း ရောဂါကူးစက်မှာစိုးတဲ့အတွက် နူနာရောဂါသည်တွေကို ဆေးရုံတက်စေကာ လူတွေနဲ့ထိတွေ့ခြင်းကို ပိတ်ပင်ကြပါတယ်။

 

နူနာရောဂါဟာ မျိုးရိုးဗီဇနဲ့ လိင်ကူးစက်မှုတို့မှ ကူးစက်လာကြမှာကို စိုးရိမ်နေကြပြီး ကလေးမရနိုင်အောင် လိင်မှုကိစ္စမှ ရှောင်ကျဉ်ခိုင်းထားကြပါတယ်။

 

ဒါပေမဲ့ နူနာရောဂါက မျိုးရိုးဗီဇအရ မကူးစက်သလို ရောဂါသည်က မွေးလာတဲ့ကလေးမှာ မကူးစက်တတ်တဲ့အပြင် လိင်မှုထိတွေ့ခြင်းအရလည်း မကူးစက်ပါဘူး။

 

မိုင်ကိုဘက်တီးရီးယမ်လက်ပရေးလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တတ်ပေမယ့် ကူးစက်မှုနည်းသလို ဘက်တီးရီးယားနဲ့ ထိတွေ့သူ ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း နူနာရောဂါဖြစ်မလာကြပါဘူး။

 

အသည်းပတ်သက်မှုကိုလေ့လာရာမှာ သင်းခွေချပ်ကဲ့သို့ အကြေးခွံမာတွေပါဝင်တဲ့ အာမာဒီလိုသတ္တဝါ ၅၇ ကောင်နဲ့ စမ်းသပ်ခဲ့ပါတယ်။
ထိုသတ္တဝါတွေဟာ နူနာဘက်တီးရီးယားများ သဘာဝအတိုင်းနေထိုင်ရာ အကောင်တွေဖြစ်ပါတယ်။

 

အာမာဒီလိုတွေမှာ အသည်းကြီးမားလာကြပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ကင်ဆာအကြိတ်လက္ခဏာတွေ မတွေ့ရပါဘူး။

 

ဒါကြောင့် လက်ပရိုဆီဘက်တီးရီးယားတွေက အသက်အရွယ်အရ ကျဆင်းလာတဲ့ အသည်းဆဲလ်တွေကို အသစ်ပြန်ဖြစ်စေနိုင်တယ်လို့ ယူဆရပါတယ်။

 

နှစ်စဉ်နှစ်တိုင်း အသည်းရောဂါကြောင့် လူပေါင်းသန်းနဲ့ချီ သေဆုံးနေကြပြီး အသည်းအစားထိုးခွဲစိတ်ခြင်းကလည်း အန္တရာယ်များဆဲဖြစ်ပါတယ်။

 

အသည်းရဲ့ ပြန်လည်နုပျိုတဲ့စွမ်းရည်ကိုသာ မြှင့်တင်ပေးနိုင်ရင် အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မှာဖြစ်ပေမယ့် လူသားတွေမှာ အလုပ်ဖြစ်မဖြစ်ကတော့ ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group