#World_Technology
Published 11 November 2022

 

အိန္ဒိယဒုံးပျံလွှတ်တင်ရေးယာဉ်ကုမ္ပဏီ Skyroot Aerospace က သူတို့ကုမ္ပဏီရဲ့ ပထမဆုံးဒုံးပျံလွှတ်တင်မှုကို နိုဝင်ဘာ ၁၅ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၁ နာရီခွဲမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

ဗစ်ခရမ်-အက်စ်(Vikram-S)လို့ အမည်ပေးထားတဲ့ ပတ်လမ်းကြောင်းခွဲဒုံးပျံကို အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ် ဆရီဟာရီကိုတာ ဆာတစ်ရှ်ဒါဝမ်အာကာသစခန်းကနေ လွှတ်တင်မှာဖြစ်ပါတယ်။

 

အဆိုပါဒုံးပျံလွှတ်တင်မှုဟာ အိန္ဒိယနိုင်ငံမှ သီးသန့်ဒီဇိုင်းထုတ်တည်ဆောက်ထားတဲ့ ဒုံးပျံကို ပထမဆုံးလွှတ်တင်ခြင်းဖြစ်လာမှာပါ။

 

Skyroot မှတည်ဆောက်တဲ့ ဗစ်ခရမ်-အက်စ်ဒုံးပျံဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၈၀ ကီလိုမီတာအကွာခန့်ရှိ ပတ်လမ်းကြောင်းခွဲမှာ ဝန်ထုပ် ၃ ခုကို သယ်ဆောင်သွားမှာဖြစ်ပါတယ်။

 

ဒီပစ်လွှတ်မှုကနေ Skyroot အနေနဲ့ သူ့ရဲ့ပျံသန်းပုံဆောက်လုပ်ပစ္စည်းတွေနဲ့ စနစ်တွေကို စမ်းသပ်နိုင်မယ့်အခွင့်အရေး ရရှိစေမှာဖြစ်ပါတယ်။

ဗစ်ခရမ်ဒုံးပျံတွေကို အိန္ဒိယရူပဗေဒပညာရှင်နဲ့ နက္ခတ္တဗေဒပညာရှင် ဒေါက်တာ'ဗစ်ခရမ်အေဆာရာဘိုင်'ကို အစွဲပြုကာ အမည်ပေးထားခြင်းဖြစ်ပါတယ်။

 

ဒေါက်တာက အိန္ဒိယအာကာသအစီအစဉ်ကို တည်ထောင်ကာ သာမန်လူများအကျိုးရှိရန် အာကာသနည်းပညာကို အသုံးပြုပြီး အိန္ဒိယအတွက် ရည်မှန်းချက်ကြီးကြီးချခဲ့တာဖြစ်ပါတယ်။

 

"ISRO နဲ့ IN-SPACe တို့မှ အဖိုးမဖြတ်နိုင်တဲ့ ပံ့ပိုးကူညီမှုနဲ့ ကျွန်ုပ်တို့ရဲ့ နည်းပညာစွမ်းရည်များကြောင့် ဗစ်ခရမ်-အက်စ်ဒုံးပျံကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်" လို့ Skyroot Aerospace ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်'ပါဝမ်ချန်ဒါနာ'က ပြောကြားခဲ့ပါတယ်။

 

'ပါဝမ်'က WION သတင်းဌာနကို ပြောကြားရာမှာ ဗစ်ခရမ်-အက်စ်က တစ်ဆင့်တည်းအသုံးပြုတဲ့ဒုံးပျံဖြစ်ပြီး အစိုင်အခဲလောင်စာဖြင့် စွမ်းအင်အသုံးပြုပါတယ်။

 

အလူမီနီယမ်နဲ့ အမိုနီယမ်ပါကလိုရိတ်တို့ပေါင်းစပ်လောင်ကျွမ်းကာ ပိုလီဗျူတာဒိုင်အင်းကလည်း ထပ်မံဖြည့်တင်းထားပါတယ်။

 

အိန္ဒိယအာကာသအခန်းကဏ္ဍကို နိုင်ငံပိုင်အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း(ISRO)က ချုပ်ကိုင်ထားတာဖြစ်ပြီး ကုမ္ပဏီအနည်းငယ်က ISRO အတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

 

၂၀၂၀ နောက်ပိုင်းမှာတော့ အစိုးရက ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ ပုဂ္ဂလိကလုပ်ငန်းတွေကို သူတို့ရဲ့ကိုယ်ပိုင်ဒုံးပျံများ၊ ဂြိုဟ်တုများ၊ အစိတ်အပိုင်းများ ဆောက်လုပ်ခွင့်ပေးလိုက်ပါတယ်။

 

Source: WION
#Yangon_Media_Group