Published 21 oct 2022

ပိုလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး မာယီရိုဘလတ်ချာဟာ သူစီးနင်းလာမယ့် ဂျက်   လေယာဉ်ကို တရုတ်က ယင်းရဲ့လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းခွင့်မပေးတဲ့အတွက် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် မြို့ကိုသွားရောက်ဖို့ ခရီးစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။

ဘလတ်ချာဟာ အင်္ဂါနေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ်နှင့် ဆိုးလ်မြို့တော်မှာ  တွေ့ဆုံဖို့ရှိပေမယ့် အဲဒီအစား ဗုဒ္ဓဟူးနေ့မှာ ဗွီဒီယိုကွန်ဖရင့်ပုံစံနှင့်ပဲ တွေ့ဆုံစကားပြောခဲ့ရတယ်လို့ အရာရှိတွေကပြောပါတယ်။ အဲဒီအပြင် သူဟာ တောင်ကိုးရီးယားနိုင်ငံ ဂျောင်ဆန်ပြည်နယ်၊ ချန်ဝန်မှာ မကြာသေးခင်က ဝယ်ယူထားတဲ့ လက်နက်တွေ ထုတ်ဖော်ပြသပွဲနှင့်လည်း  လွဲခဲ့ရပါတယ်။

ဘလတ်ချာနှင့်သူ့အဖွဲ့ဟာ ပိုလန်အစိုးရရဲ့ ဂျက်လေယာဉ်နှင့်  ဆိုးလ်မြို့ကို တရုတ်လေပိုင်နက်အပေါ်က တိုက်ရိုက် ပျံသန်းလာရောက်ဖို့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်က ယင်းရဲ့လေပိုင်နက်ထဲ အဲဒီလေယာဉ်ဖြတ်သန်းခွင့်ကို ငြင်း ပယ်ခဲ့ပါတယ်။ ပိုလန်နိုင်ငံဖက်က အခြားလေယာဉ်ပျံသန်းရေးလမ်းကြောင်းတွေစဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် လေယာဉ်ဆီထပ်ဖြည့်ဖို့လိုတဲ့အပြင် အချိန်လည်းပိုကြာလို့ အဲဒီလမ်းကြောင်းတွေကို မစဉ်းစားတော့ပါဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုးရီးယားအစိုးရကတော့ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ခံအကြောင်းကို ရှင်းလင်းဖော်ပြခြင်းမရှိပေမယ့် ဒါဟာ တရုတ်နိုင်ငံရဲ့ ရုရှားနှင့်ဆက်ဆံရေးနှင့် တောင်ကိုရီးယားရဲ့ နေတိုးနိုင်ငံတွေနှင့် နီးကပ်တဲ့ဆက်ဆံရေးတွေကြောင့်လို့  ထင်ကြေးတွေပေးနေကြပါတယ်။

Source AFP

#Poland_Mariusz_Blaszczak

#Poland_China

#South_Korea_Poland