Published 19 Oct 2022

သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ကာတာနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အင်္ဂါနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။အဲဒီဆိုလာပြားတွေဟာ သဲကန္တာရ တစ်လျောက်ဖြန့်ကျက်တည်ဆောက်ပေးထားတာ ဖြစ်ပြီး သေးငယ်တဲ့ ပင်လယ်ကွေ့နိုင်ငံကလေးရဲ့ စွမ်းအင်ထုတ်လုပ်မှုရဲ့ ၁၀ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။

မြို့တော်ဒိုဟာရဲ့ အနောက်ဖက် အယ်လ်ခါရှားမှာရှိတဲ့ အဆိုပါ နေရောင်ခြည်စွမ်းအင်ကွင်းကြီးဟာ  အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်လို့ ကာတာနိုင်ငံရဲ့စွမ်းအင်ဝန်ကြီး နှင့် ကာတာစွမ်းအင် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဆာအတ်ရှာရီဒါ အယ်လ်ကာဘီကပြောပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ကာတာဟာ ဆိုလာ စွမ်းအင်အပေါ်မှာ ရင်းနှီးမြှပ်နှံမှုတွေကို ပြုလုပ်ဖို့ ကျယ်ပြန့်စွာ တွန်းအားပေးဆောင်ရွက်တဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ယခုဆိုလာစွမ်းအင်စီမံကိန်းကို ၂၀၁၆ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက တိုတယ်စွမ်းအင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံက မာရူဘီနီကုမ္ပဏီတို့နှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

စီမံကိန်းရဲ့ စုစုပေါင်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၆၇သန်းနှင့်ညီမျှတဲ့ ကာတာရီယယ််ငွေ ၁,၇ ဘီလျံ ရှိခဲ့ပါတယ်။ စီမံကိန်းမှာ ဆိုလာပြားပေါင်း ၁.၈သန်းကို ၃.၉ စတုရန်းမိုင်မှာ တပ်ဆင်ထားတာလည်းဖြစ်ပါတယ်။

ဇွန်လကစပြီး စတင်လည်ပတ်နိုင်တဲ့ အဆိုပါစက်ရုံဟာ လျှပ်စစ်ဓာတ်အား ၈၀၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး  လာမယ့်နှစ်တွေမှာ ထပ်မံတိုးချဲ့ဦးမယ်လို့ ကာဘီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီစီမံကိန်းဟာ ဓာတ်ငွေနှင့် အပူငွေ့ထုတ်လုပ်မှုတွေ လျော့ချရေးကို ကူညီနိုင်တဲ့ စီမံကိန်းတွေကို တည်ဆောက်ဖို့ မဟာဗျူဟာမြောက် ဦးစီးဦးရွက်မှုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နေ့ခင်းဘက်မှာ နေရောင်သွားရာလိုက်တဲ့ နည်းပညာတွေက ဆိုလာပြားတွေကို ရွှေ့ပေးပြီး အမြင့်မားဆုံး နေရောင်ခြည် ရရှိအောင်ဆောင်ရွက်ပေးပြီး ညဘက်မှာတော့ စက်ရုပ်လက်ကြီးတွေက ဖုန်တွေကို ဖယ်ရှားပေးပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီဆိုလာစက်ရုံကထုတ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို အသုံးပြုပြီး ကာတာက “ ပထမဆုံး "net zero" ကမ္ဘာ့ဖလား” အဖြစ် ဆင်နွှဲမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီစက်ရုံက နိုဝင်ဘာနှင့် ဒီဇင်ဘာ မှာ ဘောလုံးပွဲတွေကစားကြမယ့် အားကစားရုံတွေအတွက် လျှပ်စစ်ဓာတ်အားပေးမပေးတော့ အတည်မပြုသေးပါဘူး။

၂၀၃၅ခုနှစ်မှာ ဆိုလာကနေ လျှပ်စစ်ဓာတ်အးကို ၅ ဂစ်ဂါဝပ်အထိထုတ်လုပ်နိုင်ဖို့ ကာတာက ရည်မှန်းဆောင်ရွက်နေပါတယ်။

ကာတာစော်ဘွား ရှိတမင်ဘင် ဟာမက်အယ်သာနီဟာ ဒီဆိုလာစက်ရုံဖွင့်ပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။

Source AFP

 

#Qatar_opens_solar_power_plant

#Solar_Power_Plant_ al-Kharsaah

#Sheikh_Tamim_bin_Hamad_al-Thani