Published 16 Oct 2022

အိန္ဒိယနိုင်ငံက ကျန်းမာရေးအာဏာပိုင်တွေဟာ နယူးဒေလီက ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ချောင်းဆိုးနှင့်အအေးမိရောဂါကုဆေးရည်တွေဟာ ဒါဇင်ပေါင်းများစွာသော ကလေးငယ်တွေ သေဆုံးမှုနှင့် ဆက်နွယ်မှုရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုပြီးတဲ့နောက် အဆိုပါ ဆေးဝါးကုမ္ပဏီရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

အဆိုပါ Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးဖြစ်တဲ့ Promethazine Oral Solution၊Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့အထဲမှာ ဦးနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေ လက်မခံနိုင်စရာပမာဏာပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယရှိနေပါတယ်။

ဂမ်ဘီယာ၊အာဖရိကက ကလေးငယ် ၆၀၀ကျော်နှင့် အင်ဒိုနီးရှားက ကလေးငယ် ၂၀ကျော် သေဆုံးခဲ့ရမှုနှင့် အဲဒီဆေးဝါး တွေ ဆက်နွယ်မှုရှိနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက ယုံကြည်နေကြပါတယ်။

Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီဟာ GMP လို့ခေါ်တဲ့ ကောင်းမွန်သော ထုတ်လုပ်မှုလမ်းစဉ်လိုအပ်ချက် အမျိုးမျိုးကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆေးဝါးတွေကို ထုတ်လုပ်ခဲ့ စမ်းသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ ဗဟို ဆေးဝါး စံချိန်စံညွှန်း ထိန်းကျောင်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့တုန်းက ပြောခဲ့ပါတယ်။

“ စုံစမ်းစစ်ဆေးမှုများအတွင်း တွေ့ရှိရတဲ့ စည်းကမ်းဖောက်ဖျက်မှု အတိုင်းအတာနှင့် အရည်အသွေး၊ ဘေးကင်းရေးနှင့် ဆေးဝါးအာနိသင်တို့အပေါ် အန္တရာယ်ရှိနိုင်ခြေတို့ကြောင့် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုလုပ်ငန်းအားလုံး ချက်ခြင်းရပ်တန့်ပစ်ရမည်” လို့ အဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါ ချောင်းဆိုပျောက်ဆေးရည်လေးမျိုးကို နောက်ပိုင်းတွင် ဓာတ်ခွဲကြည့်ခဲ့ရာမှာ ဦနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကိုပျက်စီးစေနိုင်တဲ့ ဒိုင်ယာသလင်းဂလိုင်ကောလ် diethylene glycol နှင့် အက်သလင်းဂလိုင်ကော ethylene glycol တွေဟာ လက်မခံနိုင်တဲ့ ပမာဏပါဝင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကလည်း အဲဒီဆေးလေးမျိုးရဲ့ နမူနာ ၂၃ပုလင်းကိုစစ်ဆေးရာမှာလည်း ဒိုင်ယာသလင်း ဂလိုင်ကောလ် သို့မဟုတ် အက်သလင်းဂလိုင်ကောလ်ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။

အဲဒီဆေးတွေကို အခြားနိုင်ငံတွေက ဖြန့်ချိရောင်းချထားတာတွေရှိနိုင်ပြီး  အဲဒါတွေကို ရောင်းဝယ်နေခြင်းကနေ ဖယ်ရှားပစ်ဖိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံအကြံပြုထားပါတယ်။

အဆိုပါဆေးတွေနှင့်ပတ်သက်ပြီး စတင်သိရှိတာက ဂမ်ဘီယာနိုင်ငံဖြစ်ပြီး အဲဒီက ကလေးငယ်တွေဟာ ကျောက်ကပ် ပျက်စီးသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။အင်ဒိုနီးရှားမှာလည်း ကလေးငယ် ၂၀ကျော် ကျောက်ကပ်ပျက်စီးသေဆုံးခဲ့ရတာတွေရှိခဲ့ပြီး သေဆုံးသူတွေအားလုံးဟာ အဆိုပါဆေးရည်ကိုသောက်သုံးထားသူတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။

Source CNN/Agencies

#Maiden_Pharmaceuticals

#Cough_Syrups

#Children_deaths