Published: 29 June 2021

အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ဟာ တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြား ဆုံရာ မဟာဗျူဟာမြောက်နေရာမှာ အမေရိကန်ဒေါ်လာ ၃.၅သန်းတန်ဖိုးရှိတဲ့ ရေကြောင်းသင်တန်းကျောင်းတစ်ခုကို စတင်တည်ဆောက်လိုက်ကြပြီလို့ SCMP သတင်းစာကဖော်ပြ လိုက်ပါတယ်။
#တရုတ်ကိုတန်ပြန်
ဒီလိုဆောင်ရွက်လိုက်တာဟာ တရုတ်ရဲ့အရှေ့တောင်အာရှကို ဩဇာလွှမ်းမှုအတွက် အမေရိကန်ရဲ့ လက်ရှိအကြိတ်အနယ်ပွဲတွေမှာ အင်ဒိုနီးရှားနိုင်ငံဟာ ဝါရှင်တန်ရဲ့ ထိပ်တန်းကာကွယ်ရေးမိတ်ဖက် ဖြစ်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ သတင်းကရေးပါတယ်။ သင်တန်းကျောင်းကို အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေး အေဂျင်စီဖြစ်တဲ့ ဘက်ကာမလာက ပိုင်ဆိုင်လည် ပတ်မှာဖြစ်ပါတယ်။ ဘက်ကာ မလာဟာ အင်ဒိုနီးရှားရဲ့ရေပိုင်နက်နှင့် စီးပွာရေးဇုန်တွေကို ကြီးကြပ်ကွပ် ကဲရတဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပြီး နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ လက်အောက်ကဖြစ်ပါတယ်။ 
ဒီသင်တန်းကျောင်းဟာ ပင်လယ်ပြင်လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် စိန်ခေါ်မှုတွေကို တုန့်ပြန်ရာမှာ လူ့အရည်အသွေးတွေတိုးတက်လာဖို့ သင်ကြားပေးမှာဖြစ်တယ်လို့ ရေတပ်ချုပ်တတစ်အီကိုဝစ်ဂျက်ဆိုနိုက ပြောပါတယ်။ သင်တန်းကျောင်းမှာ သင်တန်းခန်းတွေ၊ ရုံးတွေအပါအဝင် ကျောင်းသား၅၀ဦးနှင့် သင်တန်းဆရာ၁၂ဦး နေဖို့အဆောက်အဦတွေလည်း ပါဝင်ပါတယ်။
အင်ဒိုနီးရှားရဲ့မိတ်ဆွေနှင့် မိတ်ဖက်တစ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းနှင့်နိုင်ငံဖြတ်ကျော် မှုခင်းတွေကိုနှိမ်နှင်းရင်း ဒေသဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုမြှင့်တင်ရာမှာ ဦးဆောင်ပါဝင်နေတဲ့ အင်ဒိုနီးရှားရဲ့အခန်းကဏ္ဍကို ထောက်ပံ့ကူညီပေးဖို့ ကတိပြုပါတယ်လို့ ဂျာကာတာမှာရှိတဲ့ အမေရိကန်သံအမတ်ကြီး ဆမ်ဝိုင်ကင်မ်ကပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုအရ ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားဟာ စစ်ပညာရပ်တွေနှင့် သင်တန်းတွေအတွက် အမေရိကန်အစိုးရဆီက အမေရိကန်ဒေါ်လာ ၃၉သန်း အကူအညီရရှိခဲ့ပါတယ်။ ၂၀၁၆ကနေ ၂၀၂၀အတွင်း ရေကြောင်းလုံခြုံရေး တိုးမြှင့်ရေးအပါအဝင် ကာကွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် ဒေါ်လာငါးသန်းကျော် ရရှိခဲ့ပြီးလည်း ဖြစ်တယ်လို့ သတင်းအရသိရပါတယ်။
Ref:SCMP