Published 10 October 2022

#ချမ်းသာသောအာရှသားများသည်တွေ့နေကျလိုဖြစ်လာနေပြီးတရုတ်နှင့်အိန္ဒိယနိုင်ငံသားတွေအများဆုံးဖြစ်နေ

စက်တင်ဘာလမှာ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဂူတမ်အက်ဒါနီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေထဲမှာ ဒုတိယ အချမ်းသာဆုံး ပထမဆုံးအာရှသားအဖြစ် ရောက်ရှိလာပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ အာရှသားတွေ ရဲ့ အချိုးအစားဟာ ဖြည်းဖြည်းချင်း နေရာပိုယူလာနေတယ်လို့ နီကေးအေးရှားက သတင်းရေးသားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးထဲမှာ အများစုက အမေရိကန်တွေဖြစ်နေပေမယ့် အာရှသားတွေဟာ ကမ္ဘာ့ကြွယ်ဝချမ်းသာမှု လှေကားထစ်တွေကို မဆုတ်မနစ် တက်လှမ်းနေလာနေတာကို အရင်းအမြစ်မျိုးစုံကရတဲ့ အချက်အလက်တွေအရ အတည်ပြုပေးနေပါတယ်။

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက အက်ဒါနီအုပ်စုရဲ့ ပိုင်ရှင် အက်ဒါနီဟာ Forbes ရဲ့ ယခုစက်တင်ဘာလ ညွှန်းကိန်းမှာ ကမ္ဘာ့အချမ်းသာဆုံး တယ်လ်ဆာရဲ့ စီအီးအို အီလွန်မတ်စ်ရဲ့နောက်မှာ ဒုတိယအချမ်းသာဆုံးအဖြစ် တစ်ခဏ ရောက်ရှိခဲ့ပါတယ်။

Forbes ရဲ့ အချိန်နှင့်တပြေးညီဖော်ပြပေးနေတဲ့  ဘီလျံနာ ၂၄၀၀ ဦးရဲ့ပိုင်ဆိုင်မှုတွေကို  ဒေသအလိုက်ဖော်ပြတဲ့ အခါ မြောက်အမေရိကားဘီလျံနာတွေက အမေရိကန်ဒေါ်လာ ၄.၇ ထရီလီယံ၊ အာရှက ၃,၅ ထရီလီယံနှင့် ဥရောပ က ၂.၄ ထရီလီယံတို့ဖြစ်ကြပါတယ်။

ဘီလျံနာဦးရေနှင့်ပြောရမယ်ဆိုရင်တော့ အာရှမှာ ဘီလျံနာအများဆုံးဖြစ်ပြီး ၉၅၁ ဦးရှိပါတယ်။ မြောက်အမေရိကားက ၇၇၇ ဦးရှိပြီး ဥရောပက ၅၃၆ ဦးပဲရှိကြပါတယ်။

တကယ်လို့ လူဦးရေအချိုးအစားနှင့် ကြည့်မယ်ဆိုရင်တော့ တစ်မျိုးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှကဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ ဥရောပက ၁၀ရာခိုင်နှုန်းပဲရှိပါတယ်၊

နိုင်ငံအလိုက်ပြောရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဘီလျံနာတွေက ၇၁၉ ဦးရှိပါတယ်။ တရုတ်က ၄၄၀ဦးနှင့်ဒုတိယမှာရှိပြီး အိန္ဒိယက ၁၆၁ ဦးရှိပါတယ်။ အဲဒီအထဲမှာ အာဆီယံ၁၀နိုင်ငံမှာ ဘီလျံနာ ၁၁၄ ဦးရှိနေပါတယ်။ ထိုင်ဝမ်က ၄၅ ဦး၊တောင်ကိုရီးယားက ၂၈ ဦးနှင့် ဂျပန်က ၂၇ ဦးစီအသီးသီးရှိကြပါတယ်။

ထွန်းသစ်စစီးပွားရေးနိုင်ငံတွေဟာ ယခုဆိုရင် ဥရောပနှင့် အမေရိကန်တို့ထက် ဘီလျံနာတွေပိုပြီးမွေးထုတ်ပေးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ်ရေးနည်းပညာတိုးတက်မှုတွေနှင့် ကမ္ဘာပြုမှုဖြစ်စဉ်ကြီးကြောင့်ဖြစ်ပါတယ်။

အဲဒီအပြင် ထွန်းသစ်စစီးပွာရေးနိုင်ငံတွေက လူချမ်းသာတွေရဲ့ ပိုင်ဆိုင်မှုတိုးပွားနှုန်းက ပိုပြီးမြန်ဆန်နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်ဆုံး ၁ရာခိုင်နှုန်းထဲမှာ ၂၀၀၀ပြည့်နှစ်နှင့် ၂၀၂၁ အကြား အိန္ဒိယလူချမ်းသာတွေရဲ့ ဓနတိုးပွားနှုန်းက ၁၁ဆ၊ တရုတ်က ၃၄ ဆ အထိရှိနေပါတယ်။ အဲဒီအချိန်မှာ အမေရိကန်က ၃.၆ ဆ၊ ဂျပန်က ၁.၂ ဆပဲ ရှိပါတယ်။

အဲဒါကြောင့် အာရှသားဘီလျံနာတွေဟာ ကမ္ဘာ့အချမ်းသာဆုံး ထိပ်ဆုံးစာရင်းထဲ မကြာမီဝင်တော့မှာလား။

“ အာရှသားတွေ ဓနတိုးပွားမှုကို အဓိကမောင်းနှင်နေတာက အိမ်ခြံမြေဈေးတွေ မြင့်တက်လာတာကြောင့်ဖြစ်တယ်” လို့ ဂျပန်နိုင်ငံ၊ Credit Suisse Wealth Management ရဲ့ ရင်းနှီးမြှပ်နှံမှုအရာရှိချုပ်ဆွိုင်ချီယို မက်ဆူမိုတိုက ပြောပါတယ်။

“ချမ်းသာတဲ့စာရင်းမှာ ထိပ်ပိုင်းရောက်နေသူတွေဟာ အိမ်ခြေံမြေတွေပိုင်ဆိုင်မှုထက် ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေမှာ ရှယ်ယာတွေ အများကြီးဝယ်ထားကြသူတွေဖြစ်နေကြတယ်။အဲဒါကြောင့် အမေရိကန်တွေကိုမီဖို့ အာရှသားတွေ အချိန်တော့ပေးရလိမ့်မယ်”လို့ သူကဆက်ပြောပါတယ်။

အခုဆိုနိုင်ငံတွေဟာ ငွေကြေးမူဝါဒတွေကိုတင်းကြပ်နေကြပါတယ်။ စတော့ဈေးတွေကျဆင်းမှုနှင့် ဒေါ်လာတန်ဖိုးတက်မှုတွေရဲ့ ရိုက်ခတ်မှုအချို့ကို အာရှ ဘီလျံနာတွေ အခုရင်ဆိုင်နေကြရပါတယ်။ ခြောက်လအတွင်းမှာ Forbes ရဲ့ ဘီလျံနာစာရင်းမှာ ၂၄၅ ဦးလျော့နည်းသွားခဲ့ရပါတယ်။အဲဒီအထဲမှာ အာရှက ၁၂၆ဦးလျော့သွားပြီး မြောက်အမေရိကားက ၂၇ ဦးပဲလျော့နည်းသွားခဲ့တာဖြစ်ပါတယ်။

မည်သို့ဆိုစေ  ထွန်းသစ်စစီးပွားရေးနိုင်ငံတွေက လူချမ်းသာတွေကို ပြည်တွင်းလိုအပ်ချက်တိုးမြင့်လာနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုတွေက ကျောထောက်နောက်ခံပေးထားကြပါတယ်။ အဲဒါကြောင့် ၂၀၂၆ ခုနှစ်ရောက်ရင် ဘီလျံနာအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ထက် တရုတ်နှင့်အိန္ဒိယမှာ နှစ်ဆခန့်တိုးလာနိုင်တယ်လို့ Credit Suis က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနေရာတွေကို အာရှသားတွေက မနက်ဖန်မှာ ချက်ခြင်းကြီးနေရာယူလာဖို့ မဖြစ်နိုင်သေးပေမယ့်  အာရှလူချမ်းသာဦးရေကတော့ ဆက်လက်မြင့်မားတိုးတက်နေဦးမှာဖြစ်ပါတယ်။

Source: Nikkei Asia

#World’s Richest People

#Asian_Billionaires

#Asian_Rise