#World_Military
Published 7 October 2022

 

ယူကရိန်းနှင့်တိုက်ခိုက်လာတာ ၈ လကြာမြင့်လာချိန်မှာ ရုရှားတို့ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာရပြီးနောက် ရုရှားအရာရှိတွေက နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်ချေအကြောင်း ပြောဆိုနေကြတာကြောင့် ၁၉၆၂ ခုနှစ်ကျူးဘားဒုံးကျည်ပြဿနာနောက်ပိုင်း နျူကလီးယားအဆုံးသတ်စစ်ပွဲ အမြင့်ဆုံးအနေအထားမှာရှိနေတယ်လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ဒီမိုကရက်တစ်အထက်လွှတ်တော်လှုပ်ရှားမှုကော်မတီအတွက် ရန်ပုံငွေပွဲတစ်ခုမှာ 'ဘိုင်ဒန်'ကပြောကြားခဲ့ရာမှာ "ပူတင်ကို ကျွန်တော်ကောင်းကောင်းသိပါတယ်၊ နျူကလီးယားလက်နက်တွေ ဓာတုလက်နက် ဇီဝလက်နက်တွေအကြောင်း မဟုတ်ဘဲနဲ့ သူပြောမှာမဟုတ်ပါဘူး" လို့ ဆိုပါတယ်။

 

"ကန်နက်ဒီနဲ့ ကျူးဘားဒုံးကျည်ပြဿနာပြီးကတည်းက အဆုံးအဖြတ်တိုက်ပွဲရင်ဆိုင်ရမယ့်အခြေအနေ မကြုံတွေ့ခဲ့ရပါဘူး၊ သူ့စစ်တပ်က သိသိသာသာရှုံးနိမ့်လာတာကြောင့် ပူတင်ခြိမ်းခြောက်မှုက တကယ်ဖြစ်လာနိုင်ပါတယ်" လို့ 'ဘိုင်ဒန်'က ဆိုပါတယ်။

 

ယူကရိန်းနဲ့တိုက်ပွဲမှာ ရုရှားတို့ရှုံးနိမ့်လာတာကြောင့် ရုရှားက အဖျက်အားမြင့်မားတဲ့လက်နက်များ သုံးစွဲလာနိုင်တယ်လို့ အမေရိကန်အရာရှိများက သတိပေးနေတာ လအနည်းငယ်ရှိနေပါပြီ။

 

ဒါပေမဲ့ ယခု'ဘိုင်ဒန်'ပြောဆိုလိုက်တဲ့ မှတ်ချက်ကတော့ နျူကလီးယားနဲ့ပတ်သက်တဲ့ အထင်ရှားဆုံး သတိပေးချက်ဖြစ်နေပါတယ်။

 

ရုရှားနျူကလီးယားတပ်ဖွဲ့များ လှုပ်ရှားမှုမရှိသေးတာကြောင့် အမေရိကန်နျူကလီးယားတပ်များလည်း တပ်လှန့်ဖို့မလိုလောက်သေးကြောင်း မကြာသေးမီရက်သတ္တပတ်ကမှ အမေရိကန်အရာရှိများ ပြောကြားခဲ့ပါသေးတယ်။

 

"ကျွန်တော်တို့ရဲ့ နျူကလီးယားဗျူဟာပြောင်းလဲဖို့ အကြောင်းမတွေ့ရသလို ရုရှားကလည်း သူတို့ရဲ့နျူကလီးယားလက်နက် အသုံးပြုဖို့ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး" လို့ အိမ်ဖြူတော်စာနယ်ဇင်းဦးစီးမှူးက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

၁၉၆၂ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စုက ကျူးဘားထံသို့ နျူကလီးယားလက်နက်များ လျှို့ဝှက်နေရာချနေတာကို အမေရိကန်ကတွေ့ရှိခဲ့ရာမှာ ၁၃ ရက်တာဖြစ်ပျက်မှုအတွင်း ကမ္ဘာကြီးမှာ နျူကလီးယားအဆုံးသတ်ရေး အနီးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ဖူးကြောင်း ကျွမ်းကျင်သူများ သုံးသပ်ထားပါတယ်။

 

နျူကလီးယားအသုံးပြုခြင်းဖြင့် ကမ္ဘာပျက်စီးမယ့်အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ 'ဘိုင်ဒန်'က 'ပူတင်'ကိုသတိပေးခဲ့ပါတယ်။

 

"နျူကလီးယားလက်နက် အလွယ်တကူထုတ်သုံးရမယ့် အကြောင်းတရားမရှိသလို အဆုံးအဖြတ်တိုက်ပွဲအထိ ဖြစ်လာစရာအကြောင်းမရှိပါဘူး"

 

"သူဘယ်လိုထွက်လမ်းရှာမလဲ၊ စစ်ပွဲရှုံးရုံသာမက ရုရှားနိုင်ငံအတွင်းမှာပါ အာဏာသက်ရောက်မှုကျဆင်းသွားရင် သူဘယ်လမ်းသွားရမလဲ" လို့ 'ဘိုင်ဒန်'က မေးခွန်းထုတ်လိုက်ပါတယ်။

 

"ကျုပ်တို့နိုင်ငံမှာ ဖျက်ဆီးရေးစွမ်းအားမြင့်လက်နက်အမျိုးမျိုး ရှိတယ်ဆိုတာ သတိပေးလိုက်ချင်ပါတယ်၊ ကျုပ်တို့ပိုင်နယ်မြေတွေ ခြိမ်းခြောက်ခံလာရရင် ကျုပ်တို့နိုင်ငံနဲ့လူမျိုးတွေကိုကာကွယ်ဖို့ ရသမျှနည်းလမ်းအားလုံး အသုံးပြုသွားမှာပါ၊ ဒါဟာ အပြောချည်းသက်သက် မဟုတ်ပါဘူး" လို့ 'ပူတင်'က စက်တင်ဘာ ၂၁ ရက်နေ့က ကင်မရာကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြောကြားခဲ့ပါတယ်။

 

အိမ်ဖြူတော်နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်က ယူကရိန်းမှာ နျူကလီးယားအသုံးပြုခဲ့ရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ရုရှားကိုရှင်းရှင်းလင်းလင်း အသိပေးပြီးသားဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာကြီးကလည်း 'ပူတင်'နျူကလီးယားလက်နက်သုံးခဲ့တာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူးဆိုတာ 'ပူတင်'ကိုယ်တိုင်နားလည်ထားကြောင်း ယူကရိန်းသမ္မတကလည်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group