Published 5 Oct 2022

အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် ပထမတစ်သုတ်ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဟိမဝန္တာလိုနေရာမျိုးမှာ  အသုံးပြုနိုင်မယ့် အမြင့်ပျံရဟတ်ယာဉ်အမျိုးအစားအဖြစ် အခြေခံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ ရုရှားကနေမှီခိုနေရတာကို လျှော့ချတဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။

ယခုတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဟင်ဒူစတန်အဲရိုနော့တစ်လိမိတက် (အိတ်ချ်အေအယ်လ်)က ထုတ်လုပ်တာဖြစ်ပြီး  အိန္ဒိယလေတပ်ရဲ့ တိုက်ပွဲစွမ်းရည်တွေကို ကြီးမားစွာမြှင့်တင်ပေးမှုတစ်ရပ်ပဲဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီး ရာချ်နက် ဆင်းက  အိန္ဒိယအနောက်ပိုင်း ဂျိုပါး လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကိုပြောပါတယ်။

“ အလွန်အရေးပါတဲ့အခမ်းအနားဖြစ်တယ်။ အထူးဂုဏ်ယူစရာ  ပြီးတော့ ဆယ်စုနှစ်နှစ်စုမှာ လုံ့လဝီရိယရှိရှိ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တဲ့ အကျိုးရလာဒ်တစ်ခုဖြစ်တယ်” လို့ ဆင်းကပြောပါတယ်။

ရဟတ်ယာဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တစ်သောင်းခြောက်ထောင် အထိ စမ်းသပ်ပျံသန်းပေးပြီးပြီလို့ အရာရှိတွေကပြောပါတယ်။

အိန္ဒိယဟာ ပြည်တွင်းကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကို တည်ဆောက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ပြည်တွင်းထုတ် လေယာဉ်တစ်စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

Source AFP

#Hindustan_Aeronautics_Limited

#India_made_Light_Combat_Helicopters

#India_Defence_Industry