Published 1 Oct 2022

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၃၀ရက်က ယူကရိန်း ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခြင်းအပေါ် ပြစ်တင်ဝေဖန်ဖို့ အမေရိကန် ကမကထပြုလုပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုနှင့်ပယ်ချလိုက်ပြီး တရုတ်နှင့်အိန္ဒိယ တို့က မဲမပေးဘဲ နေခဲ့ပါတယ်၊

ရုရှားတပ်တွေက သိမ်းယူခဲ့တဲ့ ယူကရိန်းရဲ့‌ဒေသလေးခုမှာ ရုရှားနိုင်ငံနှင့် ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် ရုရှားနိုင်ငံအောက်ရောက်ရှိကြောင်း ရုရှားသမ္မတပူတင်ကကြေညာခဲ့ပါတယ်။ အဲသလိုကြေညာအပြီး နာရီပိုင်းအကြားမှာ လုံခြုံရေးကောင်စီကနေ ပြစ်တင်ရှုတ်ချဖို့ အမေရိကန်ကမကထပြုလုပ် ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းခဲ့တာပါ။

ယူကရိန်းက တွဲဖက်ကမကထပြုလုပ်တဲ့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၀) နိုင်ငံက ထောက်ခံပြီး တရုတ်၊ဘရာဇီး၊အိန္ဒိယနှင့်ဂါဘွန်တို့က မဲမပေး(ကြားနေ)ခဲ့ကာ ရုရှားက ဗီတိုဖြင့်ပယ်ချခဲ့ပါတယ်။

“ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ကြပ်သင့်တယ်” လို့  တရုတ်သံအမတ်ကြီး ကျန်းဂျွန်က ပြောပါတယ်။

“ သက်ဆိုင်သူအားလုံး သည်းခံကြဖို့ တရုတ်ကတိုက်တွန်းပါတယ်။  တင်းမားမှုတွေ ပိုပိုဆိုးရွားလာနေခဲ့တဲ့ ဆောင်ရွက်မှုတွေကို ရှောင်ကြဉ်ပြီး  သံတမန် စေ့စပ်ညှိနှိုင်းခြင်းကနေတစ်ဆင့် အဖြေရှာရေး အခြေအနေထားရှိဖို့” သူက ပြောကြားပါတယ်။

“ ဒီလို မူကြမ်းမျိုးကို ရုရှားက ထည့်သွင်းစဉ်းစား ထောက်ခံပေးမယ်လို့ ခင်ဗျားက လေးလေးနက်နက်မျှော်လင့်တာလား” လို့ ရုရှား သံအမတ်ကြီး နီဘင်ဇီယာက သတင်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။  ဒီကြေညာချက်က အမေရိကန်ကို တိုက်ရိုက်ရည်ညွန်းတာဖြစ်ပါတယ်။ “ အဲသလိုမဟုတ်ဘူးဆိုရင်တော့ ခင်ဗျာတို့က ရုရှားဟာ ဗီတိုအခွင့်အရေးကို အလွဲသုံးစားလုပ်တယ်ဆိုပြီး တမင်ပြချင်လို့ပဲဖြစ်ရမယ်” လို့ သူကပြောပါတယ်။

အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က  အစည်းအဝေးစစချင်းမှာပဲ “ ဒါဟာ  လုံခြုံရေးကောင်စီက လုပ်ဖို့ကိစ္စ အတိအကျပဲ။ အချုပ်အခြာအာဏာကို ကာကွယ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲရေး အကာအကွယ်ပေးမှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဖို့ ဖြစ်တယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုတာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံရဲ့ နယ်မြေပိုင်နက်ကို အင်အားသုံးတာကို ဘယ်တော့မှ ခွင့်မပြုဘူး ဆိုတဲ့ အိုင်ဒီယာနှင့် တည်ဆောက်ခဲ့တာလို့လည်း သူမကပြောပါတယ်။

Source: Agencies News

#UNSC

#Russia_Veto

#Russia_UKraine