#World_Wildlife
Published 2 Oct 2022

 

ကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ်အားလုံးရဲ့ တဝက်နီးပါးခန့်ဟာ အကောင်ရေကျဆင်းလျက်ရှိပြီး မျိုးစိတ် ၈ မျိုးမှာ ၁ မျိုးလောက်က မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းဖော်ပြထားပါတယ်။

 

ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ BirdLife ရဲ့တင်ပြချက်ထဲမှာ သုတေသီများ၊ ထိန်းသိမ်းစောင့်ရှောက်သူများ၊ ဒေသခံသိပ္ပံပညာရှင်များထံမှ အချက်အလက်များစုဆောင်းခဲ့ကြရာ သဘာဝတရားကြီးအတွက် အစိုးရိမ်ရဆုံးအခြေအနေကို မြင်တွေ့ခဲ့ကြပါတယ်။

 

ကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ်တွေရဲ့ ၄၉ ရာခိုင်နှုန်းက အခုဆိုရင် အကောင်ရေကျဆင်းလာပြီး ၂၀၁၈ နောက်ဆုံးတင်ပြချက်ပြီးကတည်းက ၆ ရာခိုင်နှုန်းသောမျိုးစိတ်တွေကသာ အကောင်ရေတိုးပွားခဲ့ပါတယ်။

 

ငှက်မျိုးစိတ် ၈ မျိုးမှာ ၁ မျိုးနှုန်း ဒါမှမဟုတ် မျိုးစိတ် ၁,၄၀၉ မျိုးက မျိုးသုဉ်းအန္တရာယ်ကြုံတွေ့နေရကာ ၁၉၇၀ နောက်ပိုင်း မြောက်အမေရိကတစ်တိုက်တည်းမှာပင် ငှက်ပေါင်း ၃ ဘီလီယံနီးပါး ပျောက်ကွယ်ခဲ့ပါတယ်။

 

"ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း ငှက်မျိုးစိတ် ၁၆၀ ပျောက်ကွယ်ခဲ့ပြီး မျိုးသုဉ်းနှုန်းက မြင့်လာပါတယ်" လို့ BirdLife မှ သိပ္ပံနည်းဆိုင်ရာအရာရှိ'လူစီဟတ်စ်ကဲလ်'က ဆိုပါတယ်။

 

သမိုင်းအရ မျိုးသုဉ်းမှုအများစုက ကျွန်းတွေမှာဖြစ်ပေမယ့် တိုက်ကြီးတွေမှာပါ နေထိုင်ကျက်စားရာနေရာများ ပျောက်ကွယ်ခြင်းကြောင့် မျိုးသုဉ်းမှုအရှိန် မြင့်တက်လာပါတယ်။

 

ငှက်အများစုရင်ဆိုင်နေရတဲ့ပြဿနာက လူတွေကြောင့် ဖြစ်ပါတယ်။

 

အဓိကပြဿနာတွေက စိုက်ပျိုးရေး၊ သစ်ခုတ်လုပ်ငန်း၊ ကျူးကျော်မျိုးစိတ်များ၊ နယ်ချဲ့ရှာဖွေမှုများနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

 

စိုက်ပျိုးရေးကဏ္ဍတွေမှာ ဓာတုပစ္စည်းတွေ၊ စက်တွေအသုံးပြုလာခြင်းက ငှက်တွေနေထိုင်ကျက်စားရာနေရာများကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။

 

သစ်ခုတ်လုပ်ငန်းများကြောင့် နှစ်စဉ် သစ်တော်နယ်မြေ ဟက်တာ ၇ သန်းခန့်ဆုံးရှုံးနေရပြီး ဒါဟာ အိုင်ယာလန်နိုင်ငံအကျယ်အဝန်းမျှ ရှိနေပါတယ်။

 

ရာသီဥတုဖောက်ပြန်ကာ မုန်တိုင်းများ၊ တောမီးများ၊ မိုးခေါင်ရေရှားခြင်းများက ငှက်တွေနေထိုင်ရာများအထိ သက်ရောက်နေပါတယ်။

 

၂၁၀၀ ခုနှစ်အရောက် အပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်စ်ပိုမြင့်လာတဲ့အချိန်မှာ ရာသီဥတုနဲ့ပတ်သက်တဲ့ အန္တရာယ် ၂ ခု ၃ ခုကြောင့် အမေရိကန်ရှိငှက်များအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

"လူသားတွေရဲ့လုပ်ရပ်က ဂေဟစနစ်လုပ်ဆောင်ချက်များကို ယိုယွင်းစေကာ သတ္တဝါမျိုးစိတ်များ လျင်မြန်စွာမျိုးသုဉ်းလာစေပါတယ်လို့ တင်ပြထားပါတယ်။

 

သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေကို ငှက်များကနေ သိရှိနိုင်ကြောင်း BirdLife မှ အမှုဆောင်အရာရှိချုပ်'ပက်ထရစ်ရှာဇူရီတာ'က ပြောပြသွားပါတယ်။

 

ကိုဗစ်ကပ်ရောဂါနဲ့ နေထိုင်မှုကြပ်တည်းလာတဲ့ အခြေအနေများကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကို အာရုံမရောက်တော့ပါဘူး။

 

ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်မှုများက အရာရောက်ခဲ့ပြီး BirdLife ရဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ငှက်မျိုးစိတ် ၇၂၆ မျိုးအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group