Published 16 Sept 2022

အမေရိကန်နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဟာ ယခုနှစ်မှာတော့ ၂၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ယမန်နှစ်ကလည်း အမေရိကန်ဟာ ၉/၁၁ တိုက်ခိုက်ခံရမှုအတွက် နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာတော့ အမေရိကန်ဟာ အာဖဂန်နစ္စတန်ကနေ ဂုဏ်သိက္ခာမဲ့စွာပဲ ဆုတ်ခွာခဲ့ပါတယ်။ အကြမ်းဖက်ဝါဒ စစ်ပွဲလို့ခေါ်ဆိုတဲ့ နှစ် ၂၀ မူဝါဒကပ်ဘေးမှာတော့ အမေရိကန်ဟာ အရှက်ရမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။အမေရိကန်မှ ၎င်းရဲ့ တိုင်းပြည်ဘဏ္ဍာနဲ့ အသက်သွေးချွေးများကို အရှေ့အလယ်ပိုင်းအတွင်းမှာရှိတဲ့ သဲကန္တာရနဲ့ တောင်ကုန်း တောင်တန်းများများ ဖြုန်းတီးရင်း ၎င်းရဲ့ဂုဏ်သတင်းကိုပါ ပေးဆပ်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာကို နှစ်‌ပေါင်း ၂၀ ကြာ လျစ်လျူရှုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းများမှာ နှစ်ပေါင်း ၂၀ ကြာ အချိန်ဖြုန်းပြီးနောက်မှာတော့ အမေရိကန်ဟာ စစ်ရေးအရ၊ စီးပွားရေးအရနဲ့ သံတမန်ရေးအရ ကဏ္ဍများမှာ အလွန်အားနည်းတဲ့ နိုင်ငံတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။အမေရိကန်ရဲ့ အဖက်ဖက်ကကျဆင်းလာခြင်းဟာ ကိုယ်တိုင်ဖျက်ဆီးခြင်းကြောင့်သာဖြစ်ပြီး၊ ထိုအချိန်မှာတော့ အခြားသော အင်အားကြီး နိုင်ငံများဟာ ရှေ့ကိုဆက်တိုးပြီး စွမ်းရည်များကို မြှင့်တင်ခဲ့ကြပါတယ်။

အမေရိကန်က အရှေ့အလယ်ပိုင်းအတွင်း ၎င်းရဲ့ ခွန်အားနဲ့ စွမ်းဆောင်ရည်များကို ဖြုန်းတီးနေချိန်မှာ တရုတ်၊ ရုရှားနဲ့ အီရန်တို့လို နိုင်ငံများက အမေရိကန်ရဲ့ မရည်ရွယ်ဘဲပေးနေတဲ့ သင်ခန်းစာများကိုရယူပြီး ၎င်းတို့ရဲ့ စစ်ရေးစွမ်းရည်၊ စီးပွားရေးအားနည်းချက်နဲ့ သံတမန်ရေးချို့ယွင်းမှုများကို ပြင်ဆင်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ် ပေါ်ထွက်လာခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ဒီမိုကရေစီ သင်ခန်းစာများမှာလည်း ကမ္ဘာအတွက် ခမ်းနားခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး၊ သမ္မတ ဂျော့ခ်ျ ဒဗလျူ. ဘုရှ်ရဲ့ ရှစ်နှစ်ကြာ ရန်လိုတဲ့ နီယိုကွန်ဆာဗေးတစ်နောက်တွင်၊ သမ္မတ ဘားရက် အိုဘားမားရဲ့ လက်ထက် နီယိုလစ်ဘရယ် လှည့်ဖျားမှု ရှစ်နှစ်ကြာအပြင်၊ ရှုပ်ထွေးလွန်းတဲ့ ထရမ့် အုပ်ချုပ်ရေး လေးနှစ်အပြီး၊ လက်ရှိအချိန်မှာတော့ အမေရိကန်ရဲ့ ဆယ်စုနှစ်များစွာ ပျက်ကွက်မှုများကို ပြန်လည်ချေဖျက်နိုင်မယ့် ရည်ရွယ်ချက်များနဲ့ လုပ်ဆောင်နေတဲ့ ဘိုင်ဒန် အုပ်ချုပ်ရေး အဖွဲ့ရဲ့ လွဲမှားတဲ့ မူဝါဒလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေပါတယ်။

၂၁ နှစ်ဟာ အစဉ်အလာအားဖြင့် ထင်ရှားတဲ့ အမှတ်တရနေ့တစ်ခုမဟုတ်ပါဘူး၊လူသားတွေဟာ ၁၀ နှစ်၊ နှစ် ၂၀ တို့လို နှစ်ပတ်လည်နေ့များကိုသာ ကြီးမားတဲ့ ကိစ္စရပ်များအဖြစ် သတ်မှတ်ခဲ့ကြပြီး၊ ၁၁ နှစ်မြောက်နဲ့ ၂၁ နှစ်မြောက်တို့ကိုတော့ အရေးတယူမရှိကြပါဘူး။သို့သော် ယခုနှစ်ရဲ့ ၉/၁၁ တိုက်ခိုက်ခံရမှု ၂၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကတော့ အမေရိကန်အတွက် အလွန်အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာခဲ့ပြီးနောက် အမေရိကန်နဲ့ ဥရောပတို့ဟာ ရုရှားကို ဝိုင်းဝန်းပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ကြပြီး၊ ရုရှားဘက်ကလည်း ဥရောပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းခဲ့ပါတယ်။ထို့အတွက် ဥရောပရဲ့ စီးပွားရေးဟာ ပြိုလဲသွားခဲ့ပြီးနောက် စားဝတ်နေရေးများကျပ်တည်းလာခဲ့ကာ လာမယ့်ဆောင်းရာသီမှာတော့ စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ဥရောပအတွက် အခက်အခဲများ ကြုံတွေ့နေရပေမယ့် အမေရိကန်ဘက်က ကယ်တင်ရန် ဆန္ဒရှိပုံမပေါ်ပါဘူး။အမေရိကန်နိုင်ငံတွင်းမှာလည်း ငွေကြေးဖောင်းပွမှုများ မြင့်တက်နေတဲ့အပြင် ပြည်သူများ စားဝတ်နေရေးကျပ်တည်းလာတဲ့အတွက်ကြောင့်လည်း ၎င်းရဲ့အကျိုးစီးပွားကိုသာ အမေရိကန်အနေနဲ့ ဂရုစိုက်ဖွယ်ရှိနေပါတယ်။

၉/၁၁ တိုက်ခိုက်ခံရမှုအပြီး နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ရဲ့ ပြုမှုပုံများကြောင့် ကမ္ဘာဟာ ဦးဆောင်သူအဖြစ် အမေရိကန်ကို နှစ်လိုခြင်းမရှိတော့တဲ့အခြေအနေရောက်နေပါတယ်။

၉/၁၁ တိုက်ခိုက်ခံရမှု ၂၁ နှစ်မြောက် နှစ်ပတ်လည်မှာတော့ အမေရိကန်ဟာ ၎င်းလုပ်ဆောင်ခဲ့တဲ့အရာများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တစ်နိုင်ငံတည်းသော အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ဖို့ ရုန်းကန်ရလျက်ရှိနေပြီဖြစ်ပါတယ်။

REF: https://www.rt.com/news/562511-911-attack-terrorist-us/ ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါတယ်။