#World_Politics
Published 30 August 2022

 

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ 'ဂျိုးဘိုင်ဒန်'ကိုရှုံးနိမ့်ပြီးနောက် ၂ နှစ်အကြာကျမှ သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ဟာ သူ့ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသူအဖြစ် ပြင်ဆင်ကြေညာပေးရန် သို့မဟုတ် ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တနင်္လာနေ့က အံ့အားသင့်ဖွယ်တောင်းဆိုလိုက်ပါတယ်။

 

အမေရိကန်ဥပဒေနဲ့ သမိုင်းကြောင်းအရ သမ္မတရွေးကောက်ပွဲပြန်လည်ကျင်းပတာမျိုး၊ ၂ နှစ်အကြာကျမှ ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့သူကို အနိုင်ရသူအဖြစ် ကြေညာတာမျိုး ထုံးစံမရှိပါဘူး။

 

ဒါပေမဲ့ 'ထရမ့်'ကတော့ ဒီဥပဒေသမိုင်းကြောင်းတွေကို မျက်ကွယ်ပြုပြီး သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ တနင်္လာနေ့မနက်က အခုလိုမဖြစ်နိုင်တဲ့ တောင်းဆိုချက်ကို ကြေညာလိုက်တာဖြစ်ပါတယ်။

 

"ရွေးကောက်ပွဲမတိုင်ခင်က 'ဂျိုးဘိုင်ဒန်'ရဲ့သား 'ဟန်တာဘိုင်ဒန်'ရဲ့ လက်ပ်တော့အကြောင်းကို FBI က သိသိကြီးနဲ့ဖုံးကွယ်လိုက်ကြပါတယ်၊ သူတို့သာ မဖုံးကွယ်ဘူးဆိုရင် ၂၀၂၀ မှာ 'ထရမ့်'က အသာလေးအနိုင်ရသွားမှာပါ"လို့ ရေးသားခဲ့ပါတယ်။

 

'ထရမ့်'ဆိုလိုချင်တဲ့ အကြောင်းအရာက ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက 'ဟန်တာဘိုင်ဒန်'ကို စုံစမ်းစစ်ဆေးနေတဲ့ကိစ္စအား FBI က ထုတ်ဖော်ဖွင့်ဟခြင်း မရှိခဲ့တဲ့အပေါ် 'ထရမ့်'က မကျေနပ်ကြောင်း မကြာမကြာပြောကြားလေ့ရှိပါတယ်။

 

ယေးလ်တက္ကသိုလ်မှရှေ့နေဘွဲ့ရနဲ့ လော်ဘီဟောင်းတစ်ယောက်ဖြစ်သူ 'ဟန်တာဘိုင်ဒန်'ဟာ ၂၀၂၀ ဒီဇင်ဘာလတုန်းက နိုင်ငံခြားစီးပွားရေးလုပ်ငန်းများစွာကရရှိတဲ့ ဝင်ငွေများအပေါ် အခွန်ဆောင်ခြင်းရှိ/မရှိ FBI က စုံစမ်းစစ်ဆေးခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

 

ကာလရှည်စွာရှိနေခဲ့တဲ့ တရားရေးဌာနမူဝါဒများအရ FBI က ထိုစုံစမ်းမှုများကို အသိအမှတ်မပြုခဲ့ဘဲ ယင်းမူဝါဒများအတိုင်းသာ ကျင့်ကြံလိုက်နာခဲ့ပါတယ်။

 

'ဘိုင်ဒန်'တို့သားအဖနှစ်ယောက်စလုံးဟာ ရာဇဝတ်မှုများအတွက် ဖမ်းဆီးတရားစွဲဆိုခံထိုက်ကြောင်း 'ထရမ့်'ဟာ မဲဆွယ်ကာလတုန်းကလည်း ခဏခဏထုတ်ဖော်ပြောနေခဲ့ပါတယ်။

 

FBI အနေနဲ့ အကြီးအကျယ်အကျင့်ပျက်ပြီးတော့ ရွေးကောက်ပွဲကိုနှောင့်ယှက်တဲ့ လုပ်ရပ်ဟာ တိုင်းပြည်မှာ တစ်ခါမှမမြင်ဖူးတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ တကယ်သင့်တော်မှန်ကန်တဲ့သူကိုသာ ရွေးကောက်ပွဲအနိုင်ရသင့်ကြောင်း 'ထရမ့်'ကဆိုပါတယ်။

 

သမ္မတသက်တမ်းကုန်ဆုံးပြီးနောက် ဖလော်ရီဒါရှိ ပမ်းလ်ကမ်းခြေနေအိမ်မှာ 'ထရမ့်'က ထိပ်သီးအချက်အလက်များပါဝင်တဲ့ သေတ္တာများထိန်းသိမ်းထားပြီး တရားဥပဒေကိုနှောင့်ယှက်မှု၊ နိုင်ငံတော်ကာကွယ်ရေးအချက်အလက်များ တရားမဝင်လက်ဝယ်ပိုင်ဆိုင်မှုတို့နဲ့ပတ်သက်ပြီး အမေရိကန်ဥပဒေများကို ချိုးဖောက်ခြင်းရှိ/မရှိ လတ်တလော FBI မှ အပြင်းအထန်စစ်ဆေးခြင်းကို ခံနေရပါတယ်။

 

ဩဂုတ် ၈ ရက်နေ့က ဝရမ်းထုတ်ပြီး FBI က ထရမ့်နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ရာ အချက်အလက်စာတမ်းတွေပါဝင်တဲ့ သေတ္တာ ၁၅ လုံး တွေ့ရှိခဲ့ပါတယ်။

 

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်စာတမ်း ၆၇ ခု၊ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတဲ့စာတမ်း ၉၂ ခုနဲ့ ထိပ်သီးလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတဲ့ အချက်အလက်စာတမ်း ၂၅ ခုတို့ ပါဝင်ပါတယ်။

 

တွေ့ရှိခဲ့တဲ့ အချက်အလက်တွေသာ ပေါက်ကြားခဲ့မယ်ဆိုရင် နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့ကနေစပြီး တိုင်းပြည်ကိုပါ အန္တရာယ်ကျရောက်စေမှာဖြစ်တယ်လို့ အမေရိကန်ရှေ့နေ'ဟွမ်ဂွန်ဇာလက်စ်'က ရှင်းပြသွားပါတယ်။

 

Source: Independent
#Yangon_Media_Group