#World_Health
Published 30 August 2022

 

ညဘက် အိပ်ရေးဝအောင် မအိပ်မိတဲ့အခါ နောက်နေ့တစ်နေ့လုံး အားအင်ချည့်နဲ့ နေတတ်ပါတယ်။

 

ဒါ့အပြင် အခြားလူများကို ကိုယ်ချင်းစာကူညီပေးတတ်တဲ့စိတ်တွေပါ လျော့ပါးကုန်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ လူနေထိုင်မှုစရိုက်အရ အခြားလူများကို ကူညီပေးတာကလည်း လူသားဆန်တဲ့အပြုအမူဖြစ်ပါတယ်။

ဒါပေမဲ့အိပ်ရေးပျက်ရင်တော့ ဒီလိုအခြေခံအပြုအမူ စရိုက်တွေကိုပါ ထိပါးလာစေပါတယ်။

 

သက်လတ်ပိုင်းလူတွေနဲ့ ဆယ်ကျော်သက်အများစုဟာ အခုဆိုရင် ဆိုရှယ်မီဒီယာများ၊ ဗီဒီယိုများ၊ ကျောင်းသင်ခန်းစာများ၊ အိမ်အလုပ်များနဲ့ အခြားအကြောင်းအရာများကြောင့် အိပ်ချိန် ၇ နာရီအောက်သာ ရှိကြပါတော့တယ်။

 

အိပ်ရေးမဝတဲ့အခါ နှလုံးသွေးကြောရောဂါများ၊ စိတ်ကျဝေဒနာ၊ ဆီးချို၊ သွေးတိုးနဲ့ အရွယ်မတိုင်ခင် စောစီးစွာအသက်ဆုံးပါးရခြင်းများ အဖြစ်များတတ်ပါတယ်။

 

အခုတွေ့ရှိချက်အရ ကျွန်ုပ်တို့ရဲ့ လူမှုဆက်ဆံရေးအခြေအနေနဲ့ စာနာကူညီစိတ်ကိုပါ ပျက်စီးလာစေပါတယ်။

 

စမ်းသပ်ချက်ပြုလုပ်ရာမှာ စမ်းသပ်ခံတဲ့လူတွေကို တစ်နေ့ကို တစ်နာရီလျှော့အိပ်ခိုင်းခဲ့ပါတယ်။

 

ထိုအခါ အိပ်ရေးမဝတဲ့လူတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေမှာ ထိခိုက်လာရုံမက လူတစ်ဦးနဲ့တစ်ဦးကြား မေတ္တာထားစိတ်များ လျော့နည်းလာတာကို တွေ့ရှိရပါတယ်။

 

"လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကြား ဆက်စပ်မှုတွေတွေ့ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက အိပ်ချိန်ပုံမှန်သာရှိခဲ့ကြတာကြောင့် အဓိကစိတ်ပိုင်းဆိုင်ရာ ပြဿနာကို မမြင်ခဲ့ကြပါဘူး၊ လူတွေရဲ့ပေါင်းသင်းဆက်ဆံရေးက အိပ်ချိန်ဘယ်လောက်ကျေနပ်မှုရှိသလဲအပေါ် အတော်လေးမူတည်နေပါတယ်" လို့ ယူစီဘာကလေမှ စိတ်ကျန်းမာရေးပရော်ဖက်ဆာ'မက်သယူးဝေါလ်ကာ'က ရှင်းပြခဲ့ပါတယ်။

 

"အိပ်ရေးမဝရင် ကိုယ့်ကိုယ်ကို ထိခိုက်စေရုံမက ပတ်ဝန်းကျင်အပေါင်းအသင်းနဲ့ သူစိမ်းလူတွေကိုပါ သက်ရောက်နေပါတယ်"

 

ကျွန်ုပ်တို့ရဲ့ဘဝတွေမှာ အိပ်စက်ခြင်းက မရှိမဖြစ်အရေးကြီးနေပါတယ်။

 

လူ့အသိုင်းအဝိုင်းမှာ အိပ်စက်ခြင်းကို အလေးမထားရင် တစ်ယောက်နဲ့တစ်ယောက် သဘောထားမတိုက်ဆိုက်တာတွေ၊ ကြင်နာစိတ်ကင်းမဲ့တာတွေ ကြုံတွေ့လာရမှာပါ။

 

အိပ်စက်ခြင်းကို အကျိုးမရှိဘူးလို့ ယူဆတာတွေကို ရပ်တန့်သင့်ပြီး အိပ်စက်ခြင်းကပဲ ကြင်နာစိတ်ပြည့်ဝတဲ့ လူ့ဘဝတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group