Published 25 July 2022

ဒရိုပါဒီ မာမူဟာ အိန္ဒိယနိုင်ငံရဲ့ သမ္မတအဖြစ် တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ မာမူဟာ အိန္ဒိယနိုင်ငံရဲ့ ဘေးဖယ်ခံထားရတဲ့ လူမျိုးစုနွယ်တွေထဲမှာ ပထမဆုံး နိုင်ငံခေါင်းဆောင်ဖြစ်လာသူတစ်ဦးပါ။

ကျောင်းဆရာမဟောင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်တဲ့ မာမူဟာ အိန္ဒိယပါလီမန်နှင့်ပြည်နယ်လွှတ်တော်တွေရဲ့ ၆၄ ရာခိုင်နှုန်းထောက်ခံမဲနှင့် အိန္ဒိယရဲ့ အဆောင်အယောင် သမ္မတရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆန်သာ မျိုးနွယ်စုက လာတဲ့မာမူဟာ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ကျမ်းသစ္စာမကျိန်ဆိုခင်မှာ အိန္ဒိယလွတ်လပ်ရေးသူရဲကောင်း မဟတ္တမ ဂန္ဒီကို ရည်စူးထားတဲ့ အမှတ်တရနေရာ သွားရောက်ပြီး အလေးပြုခဲ့ပါတယ်။

မျိးနွယ်စုရွာကလေးတစ်ရွာကနေ ကျွန်မရဲ့ဘဝခရီးကိုစတင်ခဲ့ပါတယ် လို့ အသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာမူက ပါလီမန်မှာ ကျမ်းသစ္စာကျိန်ပြီးတဲ့နောက်  ပြောပါတယ်။

“ကျွန်မလာခဲ့တဲ့ နောက်ခံကိုကြည့်ရင် ကျွန်မလိုလူမျိုးအတွက် မူလတန်းစာသင်ဖို့တောင် အိပ်မက်တစ်ခုပါ” လို့လည်း သူမက ပြောပါတယ်။

“ ဒါပေမယ့် အခက်အခဲအတားအဆီးတွေကြားထဲကပဲ ကျွန်မရဲ့ ဆုံးဖြတ်ချက်ဟာ ခိုင်မာလျက်ရှိတယ်။ ကျွန်မဟာ ရွာကနေ ကောလိပ်တက်တဲ့ ပထမဆုံးသမီးတစ်ယောက်ဖြစ်လာခဲ့တယ်” လို့ မာမူကပြောပါတယ်။

မာမူရဲ့အနိုင်ရမှုဟာ သေချာခဲ့တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရပါတီ ဘာရာတီရာ ဂျန်နာတာနှင့် ယင်းရဲ့ မဟာမိတ်ပါတီတွေရဲ့အင်အားကြောင့်ဖြစ်ပါတယ်။

မာမူ သမ္မတဖြစ်လာခြင်းဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ပြန်အရွေးခံရဖို့ သူ့ရဲ့ ဆင်းရဲသား မျိုးနွယ်စုအခြေခံအင်အားတွေ ချဲ့ထွင်ပေးလိုက်သလိုဖြစ်သွားပါတယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။

“ သူမ  သမ္မတဖြစ်လာတာဟာ အိန္ဒိယ အထူးသဖြင့် ဆင်းရဲသားတွေ၊အပယ်ခံတွေနှင့် နင်းပြားတွေ အတွက် အရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်တယ်” လို့ မာမူရဲ့မိန့်ခွန်းအပြီးမှာ ဝန်ကြီးချုပ်မိုဒီက တွစ်တာမှာပို့စ်တင်ပါတယ်။

သူမရွေးကောက်ခံရတာဟာ အိန္ဒိယရဲ့လက်ရှိဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်မှာကျန်ရစ်ခဲ့ရသူတွေကို မျှော်လင့်ချက်တွေ ဖြစ်စေတယ် လို့ မာမူက ပြောပါတယ်။

“ ရာစုနှစ်များစွာ ချို့တဲ့နွမ်းပါးခဲ့ရသူတွေအတွက်  ဖွံ့ဖြိုတိုးတက်မှုရဲ့အကျိုးခံစားခွင့်တွေနှင့် ဝေးနေရသူတွေဟာ ကျွန်မအပေါ် အလေးအနက်ထားရှိကြတာကို  ကျွန်မ အထူးပဲ နှစ်ထောင်းအားရဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်ဟာ အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ထားပါတယ်။ ဒါပေမယ့် အချို့သောပါလီမန်ဥပဒေကြမ်းတွေကို သမ္မတအနေနှင့် ပါလီမန်ကိုပြန်ပို့နိုင်ပါတယ်။အဲဒီ့အပြင် အစိုးရဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်မှာလည်း ကွပ်ကဲကြီးကြပ်သူအဖြစ် ပါဝင်ရပါတယ်။

မာမူဟာ အိန္ဒိယနိုင်ငံမှာ ၂၀၀၇ခုနှစ်ကနေ ငါးနှစ်တာဝန်ယူခဲ့တဲ့ သမ္မတ ပရက်တီဘာပက်တီလ် ပြီးရင် ဒုတိယမြောက် အမျိုးသမီး သမ္မတတစ်ဦးဖြစ်ပါတယ်။

မာမူဟာ  ဟိန္ဒိူဇာတ်ခွဲခြားမှုစနစ်အခြေခံတဲ့ ဒါလစ်လူ့အဖွဲ့အစည်းရဲ့ ဒုတိယမြောက်သမ္မတဖြစ်သူ ရမ်နတ်ကိုဗင်းရဲ့ အရိုက်အရာ ကို ဆက်ခံသူဖြစ်ပါတယ်။

#Source_AFP

#India’s_First_Tribal_President

#Droupadi_Murmu

#India_Politics