Published 18 July 2022

ဆားဘီးယားမှ ဘင်္ဂလားဒေ့ရှ်သို့ပေးပို့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ သယ်ဆောင်လာတဲ့ ယူကရိန်း ကုန်တင်လေယာဉ် တစ်စီး စနေနေ့က ဂရိနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်း(၈)ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ ဂရိနှင့် ဆားဘီးယား အာဏာပိုင်တွေက တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားပါတယ်။

ဒေသစံတော်ချိန် ညသန်းခေါင်ခန့်မှာ လေယာဉ်ဟာ ပြောင်းဖူးခင်းထဲ ပျက်ကျပေါက်ကွဲမှုမဖြစ်ခင်  မီးလျှံအလုံးကြီးနှင့်အတူ ငိုက်ဆင်းကျလာတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စောစောပိုင်းမှာတော့ လေယာဉ်မှူးက အင်ဂျင်ချို့ဃွင်းနေနှင့် အရေးပေါ်ဆင်းသက်ဖို့ သတင်းပေးပို့ခဲ့ပါသေးတယ်။

အခင်းဖြစ်ပွားရနေရာကို ဒရုန်းနှင့်ရိုက်ကူထားသော ပုံတွေမှာ ကွင်းတလျောက် အဲဒီကုန်တင်လေယာဉ် Antonov An-12 ရဲ့ အပျက်အစီးအစိတ်အပိုင်းတွေ ပြန့်ကျဲကျနေပြီး မီးတစ်ငွေ့ငွေ့လောင်ကျွမ်းနေတာတွေ့ရပါတယ်။

အဆိုပါလေယာဉ်ကို စီမံလုပ်ဆောင်တဲ့ ယူကရိန်းအခြေစိုက်တဲ့ မာရီဒီယန်လေကြောင်းလိုင်းက  ပျက်ကျမှုကြောင့် အမှုထမ်း(၈)ဦးစလုံး သေဆုံးခဲ့တာကို အတည်ပြုပါတယ်။  အားလုံးဟာ ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂရိအာဏာပိုင်တွေဟာ အခုထက်ထိ အလောင်းတစ်လောင်းပဲပြန်ရပါသေးတယ်လို့ မြို့ပြကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့် ရသူတစ်ဦးက ပြောပါတယ်။ ကနဦး ဒရုန်းဖြင့် စစ်ဆေးမှုများအရ အဲဒီနေရာတစ်ဝိုက်မှာ အလောင်း(၆)လောင်း တည်ရှိတဲ့နေရာတွေ သိရှိခဲ့ပြီးဖြစ်တယ်လို့ ဒေသဆိုင်ရာ မြို့တော်ဝန်တစ်ဦးကလည်းပြောပါတယ်။

လေယာဉ်ဟာ ဆားဘီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်လုပ်တဲ့ မော်တာစိန်ပြောင်း တွေနှင့်အမြောက်ဆံတွေအပါအဝင် ပစ္စည်းတွေ စုစုပေါင်း တန်ချိန် ၁၁.၅တန်ကို သယ်ဆောင်သွားတာဖြစ်တယ်လို့  ဆားဘီးယားကာကွယ်ရေးဝန်ကြီး နီဘိုချာ စတီဖန်နိုဗစ်က ပြောပါတယ်။ဒီခဲယမ်းမီးကျောက်တွေကို ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူတာလို့လည်း သူကဖြည့်စွက်ပြောပါတယ်။

#Source_Reuters

#Ukrainian_cargo_plane_crash

#Plane_carrying_munitions_from_Serbia_to_Bangladesh_Crash

#Aviation_accidents