Published 10 July 2022

တောင်အာဖရိကနိုင်ငံ ဂျိုဟန်စဘတ်မြို့ရဲ့ ဆိုဝီတိုမြို့နယ်က အရက်ဆိုင်တစ်ဆိုင်မှာ အစုလိုက်အပြုံလိုက် သေနတ်နှင့် ပစ်သတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး အခြားသူတွေလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရဲကပြောပါတယ်။

တနင်္ဂနွေညသန်းခေါင်အလွန်မှာ  အမျိုးသားတစ်စုဟာ မီနီဘတ်စ်အငှားယာဉ်နှင့် အဲဒီဆိုင်ကိုရောက်ရှိလာကြပြီး ဆိုင်ထဲက အချို့သော စားသောက်နေသူတွေကို သေနတ်တွေနှင့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို ခရစ်ဟန်နီဘာရက်ဝန်နက်ဆေးရုံကို ပို့ဆောင်လိုက်ကြပါတယ်။

“ ကနဦးစစ်ဆေးချက်များအရ လူတွေဟာ လိုင်စင်ရ အရက်ဆိုင်မှာ သတ်မှတ်အချိန်အတွင်း ပျော်ရွှင်စွာ စားသောက်နေခဲ့ကြတာပါ” လို့ ဂါအူတန်ပြည်နယ် ရဲမင်းကြီး ဒုတိယဗိုလ်ချူပ်ကြီး အီလီယတ်စ် မာဝီလာကပြောပါတယ်။

ရုတ်တရက်သေနတ်သံကြားပြီးနောက် လူတွေဟာ ဆိုင်ထဲကနေ အပြင်ပေးထွက်သွားတာလောက်ပဲသိရပြီး အသေးစိတ်မသိကြရသေးပါဘူးလို့ သူကပြောပါတယ်။

ရိုင်ဖယ်နှင့် ၉ မမပစ္စတိုတို့ကို တိုက်ခိုက်ရာမှာသုံးခဲ့တာဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒီမာကက်ဆိုဆီလိုကပြောပါတယ်။

ယခုဖြစ်ရပ်လိုပဲ စနေနေ့ညကလည်း ဆွိဝါတားမြို့နယ်ရဲ့ အရက်ဆိုင်တစ်ဆိုင်ထဲ အမည်မသိသေနတ်သမားတွေ ဝင်ပြီး သေနတ်နှင့်ပစ်လို့ လူလေးဦးသေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်။

Source AP