#Health_Tips
Published 26 June 2022

 

ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရာမဝင်ခင်မှာ ဖုန်း၊ တီဗီမကြည့်တော့ဘဲ မီးရောင်များပိတ်ထားသင့်ပါတယ်။

 

အိပ်နေစဉ်မီးအလင်းရောင်ထိတွေ့ခြင်းနဲ့ အဝလွန်ခြင်းတို့အကြားဆက်စပ်မှုကို သိပ္ပံပညာရှင်များက ထပ်မံဖော်ထုတ်လိုက်ပြန်ပါတယ်။

 

နောက်ဆုံးတွေ့ရှိထားတဲ့အထောက်အထားများအရ မျက်လုံးမှိတ်နေစဉ် အလင်းရောင်ထိတွေ့ခြင်းက ဝဖြိုးစေတယ်ဆိုတဲ့ သက်သေတော့ မတွေ့ရပေမယ့် ညဘက်မှာအလင်းရောင်ထွက်နေခြင်းက ကိုယ်အလေးချိန်တက်လာစေတယ်ဆိုတဲ့ သက်သေကတော့ အတော်လေးသိသာများပြားလာပါတယ်။

 

ညအိပ်စဉ်မျက်နှာဖုံးအုပ်ဖို့နဲ့ ပြတင်းပေါက်တွေမှာ အလင်းပိတ်နေစေဖို့ အကြံပြုထားပြီး စက်ပစ္စည်းတွေကိုပါ ပိတ်ထားဖို့ ပညာရှင်များက အကြံပေးလိုက်ပါတယ်။

 

သက်ကြီးရွယ်အိုတွေလို အလင်းရောင်လေး လိုအပ်သူတွေကတော့ ကြမ်းပြင်အနီးမှာ မီးမှိန်မှိန်လေးသာထားသင့်ပါတယ်။

 

BMI ၃၀ နဲ့အထက်ရှိသူတွေကို အဝလွန်သူလို့သတ်မှတ်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ချေရှိနေပါတယ်။

 

အင်္ဂလန်နိုင်ငံက အရွယ်ရောက်ပြီးသူ ၄ ပုံ ၁ ပုံလောက်ဟာ အဝလွန်နေပြီး အမေရိကန်မှာလူဦးရေ ၄၀ ရာခိုင်နှုန်းနား ကပ်နေပြီဖြစ်ပါတယ်။

 

အခုစမ်းသပ်မှုမှာ အသက်ကြီးသူတွေကိုသာ လေ့လာခဲ့ကြပေမယ့် အရင်လေ့လာမှုတွေမှာတော့ ငယ်ရွယ်တဲ့လူတွေမှာပါ ဒီလိုသက်ရောက်မှုတွေရှိနေပါတယ်။

 

"အခုခေတ်မှာ စမတ်ဖုန်းတွေ၊ တီဗီတွေ ၂၄ နာရီကြည့်နိုင်တာကြောင့် အလင်းရောင်အများအပြားထိတွေ့နေရပါတယ်" လို့ အာရုံကြောပညာရှင်ဒေါက်တာ'မင်ဂျီကင်မ်'က ဆိုပါတယ်။

 

အိပ်စက်ခြင်းဆိုင်ရာ ဆေးပညာရှင်ဒေါက်တာ'ဖိလစ်ဇီ'က အိပ်နေစဉ်အတွင်း အလင်းရောင်ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့အရေးကြီးပါတယ်လို့ ဆိုပါတယ်။

 

စမ်းသပ်ခံတဲ့သူတွေမှာ တစ်ပတ်ကြာတဲ့တိုင်အောင် ညဘက်အလင်းရောင်ထိတွေ့ခြင်းနဲ့ပတ်သက်ပြီး လေ့လာခဲ့ကြပါတယ်။

 

လူတဝက်အောက်ကသာ ၅ နာရီကြာ အမှောင်ထဲနေခဲ့ရတာကို သုတေသီများတွေ့ရှိခဲ့ရပါတယ်။

 

၅ နာရီတိုင်အောင် အလင်းနဲ့ထိတွေ့ခဲ့တဲ့ လူ ၄၀.၇ ရာခိုင်နှုန်းဟာ အဝလွန်နေခဲ့ပြီး အလင်းနဲ့ မထိတွေ့တဲ့သူတွေမှာတော့ ၂၆.၇ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

 

ဒီစမ်းသပ်မှုက လေ့လာဆဲဖြစ်ပြီး အလင်းရောင်ထိတွေ့ခြင်းဖြင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးတိုးရောဂါတို့ဖြစ်နိုင်တာကိုတော့ သက်သေမပြနိုင်ပါဘူး။

 

အလင်းရောင်ဖွင့်ထားပြီး အိပ်ပျော်ခြင်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

 

အစာစားချင်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းပမာဏတွေကိုလည်း နှောင့်ယှက်စေနိုင်ပါတယ်။

 

ညဘက်မှာ ဖုန်း၊ တီဗီဖန်သားပြင်တွေကို ကြည့်ရှုခြင်းရဲ့အကျိုးသက်ရောက်မှုက အဝလွန်ခြင်းနဲ့ ဆက်စပ်အခြေအနေတွေကို ဖြစ်စေလားဆိုတာကို ဆက်လက်လေ့လာနေကြကြောင်း ပြောပြခဲ့ပါတယ်။

 

Source: DailyMail
#Yangon_Media_Group