Published 24 June 2022

မြောက်ကိုးရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ထားဖို့  မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်က ထိပ်တန်းစစ်တပ်အရာရှိကြီးတွေနှင့်  အရေးကြီးအစည်းအဝေးအဆုံးသတ်နေ့မှာ သောကြာနေ့က အမိန့်ပေးခဲ့ပါတယ်။

ပြုံယမ်းဟာ ငါးနှစ်အတွင်းမှာ ပထမဆုံးအဖြစ် နျူကလီယားစမ်းသပ်မှုတွေ  အချိန်မရွေးလုပ်နိုင်တယ်လို့ အမေရိကန်နှင့် တောင်ကိုးရီးယားအရာရှိတွေက ပြောဆိုနေတဲ့အလျောက် ယခုအစည်းအဝေးဟာ အနီးကပ်စောင့်ကြည့်ခံနေရပါတယ်။

ကင်မ်ဟာ သုံးရက်ကြာပြုလုပ်တဲ့ (၈)ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်အစည်းအဝေးကို သဘာပတိအဖြစ် ဦဆောင်ကျင်းပ ခဲ့တာဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာ မြောက်ကိုးရီးယားရဲ့ စစ်အဟန့်အတားအစီအမံတွေကို ပိုမိုအားကောင်းအောင် မြှင့်တင်ဖို့ အတွက် စစ်ရေးဆိုင်ရာ အာမခံချက်တစ်ခုကို ထောက်ပံ့ရေး အရေးကြီးကိစ္စတစ်ခုကို အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းက ပြောပါတယ်။

ဒါပေမယ့် သတင်းမှာ အစီအစဉ်ကို အသေးစိတ်ထုတ်မပြောသွားပါဘူး။ ဒါပေမယ့် တောင်ကိုးရီးယားကို ပစ်မှတ်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။

“ မြောက်ကိုးရီးယားဟာ ယင်းရဲ့ စစ်ဆေင်ရေးအစီအစဉ်အသစ်တွေမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ခြေကို အဟန့်အတား ဆိုတဲ့ အသုံးအနှုံးအောက်ကနေ ထည့်သွင်းနိုင်တယ်။ အဲဒီအသုံးအနှုံးက နျူကလီးယား  လုပ်နိုင်စွမ်းတွေကို ရည်ညွှန်းလေ့ရှိတယ်” လို့  ဆိုးလ်မြို့က အမျိုးသားပေါင်းစည်းရေးဆိုင်ရာ ကိုးရီးယားသိပ္ပံရဲ့ အကြိးတန်း ပညာရှင် ဟွန်မင်းက ပြောပါတယ်။

တောင်ကိုရီးယားရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေတည်ရှိနေတဲ့ ကိုးရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဖက်ကမ်းခြေလို့  ဖြစ်ပုံရတဲ့ မြေပုံတစ်ခုနှင့် အလုပ်လုပ်နေကြတဲ့ မြောက်ကိုးရီးယား ထိပ်တန်းအရာရှိတွေရဲ့ ဓာတ်ပုံကို KNCA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုးရီးယားအစည်းအဝေးနှင့်ပတ်သက်လို့ မေးတဲ့အခါ တောင်ကိုးရီးယားသမ္မတ ယွန်းဆတ်ယိုက ဆိုးလ်အနေနှင့် မြောက်ရဲ့ လှုပ်ရှားမှုတွေကို ထိထိမိမိတုန့်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်။

KNCA က မြောက်ကိုးရီးယားရဲ့ နျူးကလီးယား သို့မဟုတ် ဒုံးကျည်အစီအစဉ်တွေရယ်လို့ အတိအကျ ပြောဆိုခြင်းမရှိပေမယ့် မြောက်ကိုးရီးယားရဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ ရီပြုန်းချိုလ်ကို ပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

“ ရီ ကို မြောက်ကိုးရီးယားရဲ့နျူကလီးယား ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ အရေးကြီးနေရာထားလိုက်တာဟာ မဟာဗျူဟာနှင့်နည်းဗျူဟာမြောက် လက်နက်တွေကို အရှိန်မြှင့်လုပ်ဆောင်လိမ့်မယ်လို့ ပြသလိုက်တာဖြစ်တယ်” လို့ ဟွန်မင်းကပြောပါတယ်။

Source Reuters