#WorldMilitary
Published 16 June 2022

 

ယူကရိန်းနိုင်ငံအတွက် အမေရိကန်မှ သင်္ဘောပစ်လက်နက်များ၊ အမြှောက်ဒုံးကျည်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ခဲယမ်းများ အပါအဝင် ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိတဲ့ လက်နက်များ ထပ်မံထောက်ပံ့ပေးရန် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဗုဒ္ဓဟူးနေ့ကကြေညာလိုက်ပါတယ်။

 

'ဘိုင်ဒန်'က စစ်ပွဲကြားထဲရောက်နေတဲ့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ ဖုန်းပြောဆိုခဲ့ရာမှာ လက်နက်အသစ်များ ထောက်ပံ့ဖို့ပြောကြားခဲ့ပါတယ်။

 

"အမေရိကန်ဘက်မှ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်အသစ်များကို ယူကရိန်းလုံခြုံရေးအကူအညီအတွက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အမြှောက်ဒုံးကျည်များ၊ ကမ်းရိုးတန်းကာကွယ်ရေးလက်နက်များ၊ အဆင့်မြင့်ဒုံးပျံလက်နက်များပါဝင်မှာဖြစ်ပါတယ်" လို့ ၄၁ မိနစ်ကြာဖုန်းခေါ်ဆိုမှုမှာ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ယူကရိန်းအရပ်သားများကို ကူညီရန်အတွက် ဘေးကင်းစိတ်ချရတဲ့သောက်သုံးရေ၊ အရေးကြီးတဲ့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ ခိုလှုံ့ရာနေရာနဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူနိုင်ရန် မိသားစုများအတွက် ငွေသားများ ပါဝင်တဲ့ ဒေါ်လာ ၂၂၅ သန်း အထောက်အပံ့ကိုလည်း ပေးပို့ဖို့ကြေညာလိုက်ပါတယ်။

 

ယူကရိန်းအတွက် နောက်ဆုံးပေးပို့မယ့်အကူအညီတွေထဲမှာ ဟောင်ဝစ်ဇာ ၁၈ လက်နဲ့ ကျည် ၃၆,၀၀၀ တောင့်၊ ဟာပွန်းကမ်းရိုးတန်းကာကွယ်ရေးလက်နက် ၂ လက်၊ အမြှောက်ဒုံးကျည်များ၊ လုံခြုံရေးရေဒီယို၊ ညကြည့်ကိရိယာများ၊ လေ့ကျင့်ရေးအတွက်စရိတ်များ ပါဝင်ပါတယ်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး'ဒီမစ်ထရိုကူလေဘာ'က အမေရိကန်ရဲ့အရေးပါတဲ့ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'ကို ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့အတွက် လက်နက်ကြီးများ ပုံမှန်ထောက်ပံ့ဖို့ အရေးတကြီးလိုအပ်ကြောင်း အလေးအနက်တောင်းဆိုခဲ့ပါတယ်" လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိက်အော်စတင်'က ဘရူဆဲလ်မြိုမှာ မဟာမိတ်နိုင်ငံတွေနဲ့တွေ့ဆုံပြီး ထောက်ပံ့ကူညီဖို့ဆုံးဖြတ်ရာမှာ အမေရိကန် သိုလှောင်ရေးမှ ပိုလျှံနေတဲ့ ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းနဲ့ ယူကရိန်းလုံခြုံရေး အထောက်အပံ့အစီအစဉ်(USAI)မှ ငွေကြေးထောက်ပံ့ထားတဲ့ အခြားလက်နက်များဆိုပြီး အကြောင်းအရာနှစ်ခုခွဲခြားထားပါတယ်။

 

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး'ဗက်ဆေလီနီဘန်ဇီယာ'က "အနောက်နိုင်ငံတွေဟာ ရုရှားနဲ့စစ်ဖြစ်ဖို့ သွေးထိုးလှုံ့ဆော်နေကြပါတယ်၊ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့နေခြင်းကြောင့် အရပ်သားများသေဆုံးရခြင်းဟာ သူတို့ကြောင့်ဖြစ်ပါတယ်" လို့ ဗုဒ္ဓဟူးနေ့က အပြစ်တင်ဝေဖန်လိုက်ပါတယ်။

 

အရှေ့ဘက်ဒွန်ဘတ်စ်ဒေသမှာ ရုရှားတပ်များက အင်တိုက်အားတိုက် တိုက်ခိုက်လာတာကြောင့် လက်နက်များ အလျင်အမြန်ပေးပို့ဖို့ ယူကရိန်းက အမေရိကန်နဲ့အနောက်နိုင်ငံများကို ဖိအားပေးနေပါတယ်။

"နှစ်ပတ်တိုင်း သုံးပတ်တိုင်းပေးပိုနေရုံနဲ့ မလုံလောက်ပါဘူး၊ ရုရှားတွေကိုအနိုင်ရဖို့ဆိုရင် ရသမျှလက်နက်တွေအားလုံးလိုအပ်ပါတယ်" လို့ ယူကရိန်းပါလီမန်အဖွဲ့ဝင်'အိုလက်ဆန်ဒရာအူစတီနိုဗာ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

အခုအခါ အမေရိကန်ကပထမဆုံးအကြိမ်အဖြစ် မြေပြင်ပစ်ဟာပွန်းလောင်ချာတွေကို ပေးပို့တာဖြစ်ပါတယ်။

 

ဘိုးအင်းကုမ္ပဏီက ထုတ်လုပ်တဲ့ ဟာပွန်းလောင်ချာတွေဟာ ဒုံးကျည်တစ်စင်းကို ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိကြောင်း စက်မှုလုပ်ငန်းအမှုဆောင်များနဲ့ ကျွမ်းကျင်သူများကဖော်ပြထားပါတယ်။

 

Source: Reuters
#Yangon_Media_Group