Published 12 June 2022

ကမ္ဘေဒီးယားက တရုတ်ထံမှ ငွေကြေးအထောက်အပံ့ရယူကာ တည်ဆောက်သည့်အတွက် အဝေဖန်ခံနေရသည့် ရီယမ် ရေတပ်အခြေစိုက်စခန်းသည် တရုတ်တစ်နိုင်ငံတည်း သီးသန့်သုံးဖို့မဟုတ်ကြောင်း ကမ္ဘောဒီးယားက ထပ်မံအတည်ပြု ပြောဆိုခဲ့ပါတယ်။

စင်္ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာဒိုင်လော့လုံခြုံရေးကွန်ဖရင့်ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီး တီး ဘန်းက စနေနေ့တုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဟာ လွတ်လပ်ပြီး အချုပ်အခြာအဏာပိုင် နိုင်ငံဖြစ်ပြီး ဖွဲ့စည်းပုံအခြေံခဥပဒေအရ မိမိကံကြမ္မာကို မိမိတို့ ဆုံးဖြတ်ခွင့် အပြည့်အဝရှိတယ် လို့လည်း သူကပြောပါတယ်။

“ ကံအကြောင်းမလှစွာပဲ၊ကမ္ဘောဒီးယားဟာ ဒီနေရာကို နိုင်ငံခြားသားတွေ သီးသန့်သုံးခွင့်ပြုတယ်လို့ စွပ်စွဲခံနေရတာပဲ။ ဒီလိုပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘဲ ပြဿနာဖြစ်အောင်စွပ်စွဲတာဖြစ်တယ်။ ကမ္ဘောဒီးယားအာဏာပိုင်နှင့် အစိုးရကို အလုံးစံ စော်ကားခြင်းဖြစ်ကြောင်း အလေးပေးပြောလိုတယ်” လို့ သူက ရှန်ဂရီလာပရိဿတ်ကိုပြောပါတယ်။

“ ကမ္ဘောဒီးယားဟာ ရီယမ်ရေတပ်အခြေစိုက်စခန်းရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို အသေအချာပြောလိုတယ်။ အခြေစိုက်စခန်း တည်ဆောက်မှုဟာ ဘယ်နိုင်ငံ ဘယ်ဒေသ နီးနီးဝေးဝေး လုံခြုံရေးခြိမ်းခြောက်မှု မရှိဘူး” လို့ ကမ္ဘောဒီးယားဗိုလ်ချုပ်ကြီးက ပြောပါတယ်။

“ ဒီစွပ်စွဲပြောဆိုမှုတွေဟာ ကမ္ဘောဒီးယားရဲ့ အကျိုးစီးပွားကို အနှောက်အယှက်ပေးဖို့ ဆင်ခြေတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်တယ်” လို့ ဗိုလ်ချူပ်ကြီး တီးဘန်းက ပြောပါတယ်။ သူဟာ ဗီယက်နန်၊ဖိလစ်ပိုင်တို့က ကာကွယ်ရေးဝန်ကြီးတွေနှင့်အတူ စစ်ရေးခေတ်မီစေမှုနှင့် ကာကွယ်ရေးစွမ်းရည်အသစ်များဆိုတဲ့‌ ခေါင်းစဉ်နှင့် ဆွေးနွေးတဲ့ အစီအစဉ်မှာ ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းပင်လယ်ကွေ့မှာ တည်ဆောက်ထားတဲ့ ကမ္ဘောဒီးယားရဲ့ ရီယမ်ရေတပ်အခြေစိုက်စခန်းဟာ တရုတ်ရေတပ်အတွက် သီးသန့်ဖြစ်တယ်လို့ ဇွန်၆ ရက်နေ့က ဝါရှင်တန်ပို့စ်သတင်းဌာနက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီရေတပ်စခန်းကြောင့် ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေခဲ့တာကြာပြီဖြစ်ကြောင်း သတင်းကရေးသားပါတယ်။

Source Straits Times